The network connection is lost.

Banner Image

ဒေါ့မွန်အတွက်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်းဖွင့်ဟလာတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ရဲ့ညီဖြစ်သူ ဂျို့ဘ်ဘယ်လင်ဟမ်ဟာ ဒေါ့မွန်အတွက်ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ် ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးအတွက် ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ဘယ်လင်ဟမ်ဟာ ယခုနွေရာသီမှာပဲ ဆန်းဒါးလန်းမှထွက်ခွာပြီး အစ်ကိုရဲ့ခြေရာနောက်ကိုလိုက်ကာ ဒေါ့မွန်သို့ စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ တောင်အာဖရိကကလပ် ဆန်းဒေါင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ အင်္ဂလန်သားဟာ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲဦးထွက်မှာပဲ ဂိုးစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက်-၁၉ နှစ်အရွယ်ကစားသမားဟာ ဂိုးဧရိယာအစပ်မှာ ဘောလုံးကိုရင်ဘတ်နဲ့တစ်ချက်ထိန်းကာ ဗော်လီကန်ချက်နဲ့ လှလှပပကန်သွင်းခဲ့တာဖြစ်လို့ ဆိုရှယ်မီဒီယာမှာ သူ့အစ်ကိုနဲ့နှိုင်းပြီး ချီးကျူးပြောဆိုမှုတွေပြုလုပ်ခံထားရပါတယ်။  ပွဲအပြီးမှာ ဘယ်လင်ဟမ်က “တကယ်ကောင်းတဲ့ဂိုးတစ်ဂိုးပါ။ ဒီပွဲနိုင်ခဲ့လို့ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော့်အတွက်တိုးတက်ဖို့လိုအပ်နေတာတွေကျန်သေးသလို၊ အသင်းကလည်း အခုထက်ပိုပြီး တိုးတက်ဖို့လိုနေပါသေးတယ်။ ဒီပွဲအတွက်တော့ ကျွန်တော်တကယ်ကျေနပ်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးကစားသမားက “ကျွန်တော်ဒီလိုဂိုးသွင်းနိုင်ဖို့ အကြိမ်များစွာလေ့ကျင့်ထားပါတယ်။ ဒီလိုဂိုးမျိုး တစ်ပုံစံတည်းတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် အခွင့်အရေးရလာရင် ဒီလိုသွင်းနိုင်ဖို့ လေ့ကျင့်ထားပါတယ်။ ကျွန်တော် ဆန်းဒါးလန်းမှာကတည်းက ဒီလိုဂိုးတွေသွင်းနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေခဲ့တာပါ။ ဒါ့ကြောင့် အရမ်းဂုဏ်ယူမိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဘယ်လင်ဟမ်ဟာ ဒေါ့မွန်သို့ပြောင်းရွှေ့ပြီးကတည်းက အသင်းမှာကစားခဲ့ဖူးတဲ့ အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဟမ်နဲ့ နှိုင်းယှဉ်ခံထားရတာလည်းဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ဘယ်လင်ဟမ်ကို ဆန်းဒါးလန်းမှ ပေါင် ၂၇ သန်းအထိအကုန်ကျပြီး ခေါ်ယူထားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။  လက်ရှိအချိန်မှာတော့ ဒေါ့မွန်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ၂ ပွဲကစားထားရမှာ ၄ မှတ်ရရှိထားတာကြောင့် အုပ်စုကို ထိပ်ဆုံးကနေဦးဆောင်ထားနိုင်ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ ဒေါ့မွန်ဟာ တတိမြောက်ပွဲစဉ်အဖြစ် တောင်ကိုရီးယားကလပ် အူလ်ဆန်နဲ့ယှဉ်ပြိုင်သွားရပါမယ်။