
ဘက်တစ်ကိုရှုံးနိမ့်ခဲ့လို့ လာလီဂါဖလားလမ်းကြောင်းအတွက် ထိခိုက်နိုင်တယ်လို့ ဝန်ခံလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်ဘက်တစ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက အဆိုပါရှုံးပွဲဟာ ဘာစီလိုနာ၊ အက်သလက်တီကိုတို့နဲ့ ယှဉ်ပြိုင်နေရတဲ့ လာလီဂါဖလားပြိုင်ပွဲအတွက် ထိခိုက်မှုဖြစ်လာနိုင်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ ဘရာဟင်မ်ဒီယက်ဇ်က စောစောစီးစီးသွင်းယူပေးခဲ့ပေမယ့် ရီးရဲလ်ဘက်တစ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ကာဒိုဆိုနဲ့ အစ္စကိုတို့က ပြန်လည်သွင်းယူခဲ့တာကြောင့် အန်ဆယ်လော့တီရဲ့အသင်းဟာ အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
ယခုရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ရမှတ် ၃ မှတ်ဆုံးရှုံးခဲ့တာကြောင့် အမှတ်ပေးဖလားပြိုင်ဘက် ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့နောက် ခြေ ၁ လှမ်းနောက်ကျသွားပြီလို့ဆိုရပါမယ်။ ပွဲအပြီးမှာ အန်ဆယ်လော့တီက “ဆိုးဝါးတဲ့ပွဲတစ်ပွဲပါ။ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပေမယ့် ဟန်ချက်ညီမှုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ပွဲကို မထိန်းချုပ်နိုင်ခဲ့လို့ ကျွန်တော်တို့ထက်ပိုကောင်းတဲ့အသင်းက အနိုင်ရသွားပါတယ်”
“ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါ။ ဒါကို ပြန်လည်တုံ့ပြန်နိုင်ဖို့လိုပါတယ်။ ဒီလိုအချိန်မှာ ရှုံးနိမ့်တာက ချန်ပီယံဆုအတွက် ထိခိုက်နိုင်ပါတယ်။ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ဘောလုံးဆုံးရှုံးမှု ၂၇ ကြိမ်အထိရှိခဲ့ပြီး အဲဒါက အရမ်းများတဲ့ ပမာဏပါ” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံပြိုင်ပွဲတွေမှာကျန်ရှိနေသေးလို့ ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဆက်လက်ပြီး အီတလီသားနည်းပြက “ကျွန်တော်တို့ ဒီပုံစံအတိုင်းကစားနေရင် လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ နိုးထိဖို့လိုအပ်နေပါတယ်။ အရင်တုန်းက အသင်းက ဒီထက်ပိုပြီးစည်းလုံးတယ်လို့ခံစားရပြီး ဒီနေ့ပွဲမှာတော့ အဲဒီလိုမခံစားခဲ့ရပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ခီလီယန်အမ်ဘာပေကို လူငယ်တိုက်စစ်မှူးလေး အန်းဒရစ်နဲ့ ပွဲကစားချိန် ၇၅ မိနစ်မှာ လူစားလဲခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း အန်ဆယ်လော့တီက “အမ်ဘာပေက ဒီတစ်ပတ်အတွင်းမှာ သူ့ရဲ့သွားနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နေပါတယ်။ ဒါကြောင့် လေ့ကျင့်ရေးအပြည့်အဝမဆင်းထားနိုင်ပါဘူး။ အကောင်းဆုံးပုံစံမှာရှိမနေပါဘူး။ ဒါကြောင့် ပြဿနာတွေကိုရှောင်ရှားဖို့ အန်းဒရစ်ကိုထည့်ခဲ့တာပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။