The network connection is lost.

Banner Image

အသင်းရဲ့နောက်တန်း ၃ ယောက်တွဲခံစစ်ကို ကျေနပ်အားရမိကြောင်းပြောကြားလာတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုဟာ သောကြာနေ့နံနက်က ဆဲလ်ဘတ်ကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ နောက်တန်း ၃ ယောက်တွဲခံစစ်နဲ့ ကစားကွက်တည်ဆောက်ခဲ့ပြီး ပွဲအပြီးမှာတော့ နောက်တန်း ၃ ယောက်စလုံးကို အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ဆဲလ်ဘတ်ကိုအနိုင်ရခဲ့တာကြောင့် ယခုအခါမှာ ရီးရဲလ်မက်ဒရစ်ဟာ အုပ်စုဗိုလ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး တစ်ဖက်အုပ်စုက ဂျူဗင်တပ်စ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ နောက်တန်း ၃ ယောက်တွဲခံစစ် အသုံးပြုခဲ့ခြင်းနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ အလွန်ဆိုက "ကျွန်တော်ဒီနည်းစနစ်ကိုအသုံးပြုဖို့ အမြဲတမ်းစဉ်းစားနေခဲ့တာပါ။ အသင်းရဲ့ကစားကွက်နဲ့ လိုက်ဖက်မှုရှိပါ့မလားဆိုတာတော့ မသေချာခဲ့ပါဘူး။ ဒါပေမယ့် ကစားသမားတွေမှာရှိနေတဲ့ ဘောလုံးအမြင်ကြောင့် ကျွန်တော်တို့ အကျိုးရှိရှိအသုံးချနိုင်ခဲ့ပါတယ်"

"ဒီပွဲရဲ့ပထမပိုင်းမှာ အသင်းက အရမ်းတည်ငြိမ်ခဲ့ပါတယ်။ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ရင့်ကျက်တဲ့ကစားပုံရှိခဲ့ပါတယ်။ အရမ်းလည်းမမြန်သလို နှေးလည်းမနှေးပါဘူး။ နောက်တန်းကနေ ဘောလုံးစတဲ့အချိန်မှာ ရူဒီဂါက အရှေ့ထိလိုက်သွားပါတယ်။ ဒါကြောင့်ပဲ နေရာလွတ်တွေရခဲ့ပြီး ဘယ်လင်ဟမ်အနေနဲ့ ဗင်နီစီးယက်စ်အတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာပါ။ ကစားကွက်ဆိုတာ ဒီလိုပဲ အံဝင်နေရပါမယ်။ ကျွန်တော်တို့လိုအပ်လာရင် ဒီလိုပုံစံနဲ့ပဲ ကစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။

ရူဒီဂါဟာ ဒဏ်ရာပြဿနာကြောင့်ဘောလုံးကစားခြင်းမှ ၂ လကြာအနားယူခဲ့ရပေမယ့် ယခုအခါမှာတော့ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။ ဂျာမန်သားကို အလွန်ဆိုက ပွဲပြီးဖို့ ၂၃ မိနစ်အလိုမှာ လူစားလဲခဲ့ပေမယ့် ဒဏ်ရာရလို့ လူစားလဲခဲ့တာမဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။ 

စပိန်သားနည်းပြက "သူ ကြွက်တက်သလိုဖြစ်နေလို့ လူစားလဲခဲ့တာပါ။ ၂ လလောက်နားခဲ့တဲ့နောက်ပိုင်း ဒါကသူ့ရဲ့ ပွဲထွက်ခွင့်ရတဲ့ပထမဆုံးပွဲပါ။ သူက နောက်တန်း ၃ ယောက်တွဲကစားကွက်ကို အရင်ကလည်း ချဲလ်ဆီးမှာကစားခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့အတွက်တော့ ဒီကစားကွက်က ပြဿနာမရှိပါဘူး"

"ဒီပွဲမှာ ၃ ယောက်တွဲခံစစ်က တကယ်အကျိုးဖြစ်ထွန်းခဲ့တယ်လို့ထင်ပါတယ်။ အာဒါဂူလာနဲ့ ဗယ်လ်ဗာဒီတို့လည်း ဒီပွဲမှာပိုကောင်းလာပြီး ဘယ်လင်ဟမ်က တိုက်စစ်နဲ့ပိုပြီးအချိတ်အဆက်မိလာပါတယ်။ ပထမပိုင်းမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့တာ ဒီကစားကွက်ကြောင့်ပါ။ အသင်းရဲ့ကွာလတီပိုကောင်းလေ၊ ကစားသမားတွေအတွက်လည်း ပိုအကျိုးရှိလေပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့ ဗင်နီစီးယက်စ်နဲ့ပတ်သက်ပြီးတော့လည်း အလွန်ဆိုက "ဗင်နီစီးယက်စ်အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေအပေါ်မှာ အာရုံမထားပါဘူး။ သူ့ရဲ့ခံစစ်ကစားပုံနဲ့ ဘယ်ချိန်မှာ ကစားအားမြှင့်တင်ရမယ်၊ ဘယ်အချိန်မှာ ကစားအားလျှော့ချရမယ်ဆိုတာကို စောင့်ကြည့်နေခဲ့ပါတယ်။ ဒီပွဲမှာ သူလွတ်လွတ်လပ်လပ်ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်နောက်တန်းထဲထိ ပိုပြီးဝင်ရောက်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေနဲ့ပတ်သက်ပြီးတော့လည်း အလွန်ဆိုက "ကျွန်တော်တို့သူ့ကို အမြန်ဆုံးပြန်လိုချင်နေပါပြီ။ အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့မျှော်လင့်ပါတယ်။ အခုချိန်မှာ ကျွန်တော်စကားတွေအများကြီးမပြောချင်ပါဘူး။ ဒါပေမယ့် လာမယ့်အင်္ဂါနေ့မှာ သူပြန်ပါလာမယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့သူ့ကိုလိုအပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။