The network connection is lost.

Banner Image

ဘယ်လင်ဟမ်ရဲ့အနီကတ်ပြစ်ဒဏ်ကို မကျေနပ်တာကြောင့် လာလီဂါမှ နုတ်ထွက်တော့မယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့စနေနေ့က အိုဆာဆူနာကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာနဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိတာကြောင့် လာလီဂါပြိုင်ပွဲကနေ နုတ်ထွက်တော့မယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်ရဲ့ ပွဲကစားချိန် ၃၉ မိနစ်မှာ ဘယ်လင်ဟမ်ဟာ ကွင်းလယ်ဒိုင် ဟိုဆေးလူးဝစ်မူနျူရာကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့တယ်လို့ ယူဆခံခဲ့ရကာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မူနျူရာက ဘယ်လင်ဟမ်ဟာ သူ့ကို F*** You လို့ဆဲဆိုခဲ့ကြောင်း ယူဆခဲ့ပြီး တိုက်ရိုက်အနီကတ်ပြ အရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။သို့သော်လည်း ဘယ်လင်ဟမ်ဘက်ကတော့ သူ့အနေနဲ့ ကွင်းလယ်ဒိုင်ကို ရည်ရွယ်ပြီး F*** You  လို့ဆဲဆိုခဲ့တာမဟုတ်ဘဲ ကိုယ့်ဘာသာ စိတ်ပျက်တဲ့သဘောနဲ့ F*** Off လို့ညည်းတွားခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။ 

ယခုအခါမှာတော့ စပိန်အခြေစိုက် Sport သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါဒိုင်လူကြီးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်တာကြောင့် အခြားဥရောပလိဂ်တစ်ခုမှာ ပြောင်းရွှေ့ကစားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဥရောထိပ်သီးလိဂ်တွေဖြစ်တဲ့ အီတလီစီးရီးအေ၊ ပြင်သစ်လီဂူးနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါတို့မှာ သွားရောက်ကစားဖို့ရည်ရွယ်ထားတယ်လို့ သတင်းတွေက ဆက်လက်ဖော်ပြထားပါတယ်။ သို့သော်လည်း ရီးရဲလ်မက်ဒရစ်အနေနဲ့ အခုလို လာလီဂါမှထွက်ခွာပြီး လိဂ်ပြောင်းကစားနိုင်ဖို့ ဖီဖာရဲ့ ခွင့်ပြုချက်သာမက သက်ဆိုင်ရာလိဂ်ရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိဖို့လိုအပ်နေတဲ့အပြင် ယူအီးအက်ဖ်အေထံမှ ခွင့်ပြုချက်ရဖို့လည်း လိုအပ်နေသေးတာဖြစ်ပါတယ်။ 

ဘယ်လင်ဟမ်ရဲ့အနီကတ်ပြစ်ဒဏ်မတိုင်မီကတည်းက ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါဒိုင်လူကြီးတွေနဲ့ မကြာခဏဆိုသလို အငြင်းပွားမှုတွေဖြစ်ပွားထားခဲ့တာလည်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းက အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ ပွဲကစားချိန် ၈၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ကားလို့စ်ရိုမဲရိုးရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရိုမဲရိုးဟာ ဂိုးမသွင်းယူမီ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ခီလီယန်အမ်ဘာပေနဲ့ ပြဿနာတက်ထားပြီး အနီကတ်ပြသခံရသင့်တယ်လို့ ပရိသတ်တွေက ယူဆခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအဖွဲ့ချုပ်ဟာ ဖြေရှင်းချက်တွေတောင်းခဲ့ပေမယ့် လာလီဂါဥက္ကဌ ဂျာဗီယာတီဘက်စ်က တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဖြေရှင်းပေးခဲ့ခြင်းမရှိပါဘူး။ 

ယခုအခါမှာ ဘယ်လင်ဟမ်ကလည်း မဖြစ်သင့်တဲ့အခြေအနေကနေ အနီကတ်ပြသခံခဲ့ရတယ်လို့ ရီးရဲလ်မက်ဒရစ်ဘက်ကယူဆထားပြီး အင်္ဂလန်သားဟာ ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ကျခံနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်က လိဂ်ရဲ့စည်းကမ်းတွေအရ ဘယ်လင်ဟမ်ကို အရေးယူဖို့ပြင်ဆင်နေတာဖြစ်ပြီး ၄ ပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ကျခံစေဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ 

တကယ်လို့ ၄ ပွဲပယ်ပြစ်ဒဏ်ကျခံရမယ်ဆိုရင် ဘယ်လင်ဟမ်ဟာ ဂျီရိုနာ၊ ရီးရဲလ်ဘက်တစ်၊ ဗယ်လီကာနိုတို့နဲ့ ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်တွေအပြင် ရီးရဲလ်ဆိုစီဒက်နဲ့ယှဉ်ပြိုင်သွားရမယ့် ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကိုပါ လွဲချော်သွားမှာဖြစ်ပါတယ်။ တကယ်လို့ ၁၂ ပွဲပယ်ပြစ်ဒဏ်သာကျခံရမယ်ဆိုရင်တော့ အင်္ဂလန်လက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီကုန်အရေးပါတဲ့ ပွဲစဉ်အတော်များများကို လွဲချော်သွားမှာဖြစ်ပါတယ်။ 

အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ဘယ်လင်ဟမ်က "ဒါက နားလည်မှုလွဲတဲ့ ပြဿနာတစ်ခုပါပဲ။ ခက်ခဲတဲ့အခြေအနေမှာ အသင်းကိုထားခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရလို့ အသင်းဖော်တွေကို တောင်းပန်ကြောင်း ထပ်ပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အားပေးပြီး နားလည်ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့် ကြာသပတေးနေ့ မန်စီးတီးနဲ့ပွဲစဉ်မှာ ပြန်လည်တွေ့ဆုံသွားပါမယ်" လို့ရေးသားမျှဝေထားပါတယ်။