
ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ဖို့ အဆင့်သင့်ရှိနေကြောင်း အခိုင်အမာပြောကြားလာတဲ့ အန်တိုနီ
မန်ချက်စတာယူနိုက်တက်မှ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီက သူဟာ လာမယ့်လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ဖို့ အသင့်ရှိနေတာကြောင့် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးဖို့ မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဘရာဇီးသားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂီတာဖေးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မလိုအပ်ဘဲ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာတော့ ရီးရဲလ်ဘက်တစ်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနီကတ်ပြသခံထားရတဲ့ အန်တိုနီအနေနဲ့ အယူခံမဝင်နိုင်ပါက အဆိုပါပွဲစဉ်ကိုလွဲချော်သွားမှာဖြစ်ပါတယ်။
ယခုအခါမှာ အသက်-၂၅ နှစ်အရွယ်ကစားသမားက "ကျွန်တော်က ရှေ့ဆက်ကစားနိုင်ဖို့ပဲ ကြိုးစားနေပါတယ်။ လာမယ့်စနေနေ့မှာ ကစားနိုင်ပါ့မလားဆိုတာကိုတော့ ကျွန်တော်လည်း မသိသေးပါဘူး။ အယူခံဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။အယူခံဝင်သွားမှာဖြစ်ပြီး ကျွန်တော်ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေပါတယ်။ ဒီအသင်းကိုရောက်ရှိချိန်မှာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရမိပါတယ်။ ဒီမှာ အရမ်းပျော်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်အစောပိုင်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်မှ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာတဲ့ အန်တိုနီဟာ စပိန်မြေသို့ရောက်ရှိချိန်မှာ နတ်ရေကန်ထဲသို့ ခုန်ချလိုက်သလို ခြေစွမ်း သိသိသာသာတိုးတက်ပြောင်းလဲလာခဲ့ပြီး အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။ အေဂျက်စ်ကြယ်ပွင့်ဟောင်းဟာ စပိန်ကလပ်အတွက် ပြိုင်ပွဲစုံ ၆ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ ဒါကြောင့် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှ အိပ်မက်ဆိုးတွေကို ရီးရဲလ်ဘက်တစ်မှာတော့ ပြန်လည်ချေဖျက်ထားနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကျရောက်ထားတဲ့ အန်တိုနီတစ်ယောက် ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ အမ်ဘာပေ၊ ဗင်နီစီးယက်စ်တို့နဲ့ အပြိုင်တောက်ပတဲ့ခြေစွမ်းတွေကို ပြသသွားနိုင်မလားဆိုတာ လာမယ့်ကြာသပတေးနေ့ အယူခံဝင်မှုရဲ့ ဆုံးဖြတ်ချက်အပေါ် စောင့်ကြည့်သွားရပါဦးမယ်။