The network connection is lost.

Banner Image

ဗီလာအသင်းထံပြောင်းရွှေ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ ရက်ရှ်ဖို့ဒ်

ဗီလာအသင်းထံအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ယူနိုက်တက်ကနေထွက်ခွာရတဲ့အကြောင်းအရင်းကို ရက်ရှ်ဖို့ဒ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ ရာသီကုန်အထိ ၆ လအငှားနဲ့ ဗီလာအသင်းထံပြောင်းရွှေ့ခဲ့သလို ပေါင်သန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ အသက် ၈ နှစ်ကတည်းက ရောက်လာခဲ့တဲ့ငယ်ဘဝကလပ်ကနေထွက်ခွာရတဲ့အကြောင်းအရင်းဟာ နည်းပြဖြစ်သူ အာမိုရင်နဲ့ ပြဿနာဖြစ်ခဲ့တာက စတင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာအလယ်တုန်းကတည်းက အသင်းအတွက် ပါဝင်ခွင့်မရတော့တဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက် အခုဆောင်းဈေးကွက်မှာ အေစီမီလန် ၊ ဒေါ့မွန် ၊ ဘာစီလိုနာတို့ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာအသင်းထံပြောင်းရွှေ့ခဲ့ရတာက အမ်မရီနဲ့စကားပြောဆိုပြီးနောက် အခုလိုမျိုးဆုံးဖြတ်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။

“ဗီလာအသင်းထံ အငှားပြောင်းခွင့်ရအောင် လုပ်ဆောင်ပေးတဲ့ ယူနိုက်တက် နဲ့ ဗီလာတာဝန်ရှိသူတွေကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်ကို အသင်းအငယ်က ချိတ်ဆက်ခဲ့တာ ကံကောင်းပါတယ်။ ဗီလာအသင်းကိုရွေးချယ်ရတာက လွယ်ကူခဲ့ပါတယ်။ ကျွန်တော် ဗီလာကစားပုံကို သဘောကျခဲ့သလို နည်းပြဖြစ်သူ အမ်မရီရဲ့ရည်မှန်းချက်ကိုလည်း သဘောကျခဲ့တာကြောင့်ပါ။ ကျွန်တော် ဘောလုံးကစားချင်တာဖြစ်ပြီး စတင်ကစားခွင့်ရဖို့ စိတ်လှုပ်ရှားနေပါပြီ။ ယူနိုက်တက်မှာကျန်နေတဲ့ အသင်းဖော်တွေကိုလည်း လက်ကျန်ရာသီအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားဟာ စနေနေ့တုန်းက အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီး ဗီလာအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ကနေမထွက်ခွာခင် ရက်ရှ်ဖို့ဒ်တစ်ယောက် အာမိုရင်လက်အောက်မှာ ၁၂ ပွဲအထိ လွဲချော်ခဲ့ပြီး သူ့ရဲ့နေထိုင်မှု နဲ့ အာရုံစိုက်မှုအပေါ် မေးခွန်းထုတ်ခဲ့တာတွေရှိခဲ့ပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမား နဲ့ အာမိုရင်တို့ကြား ပြေလည်ဖို့ အဖြေမရှိခဲ့တဲ့နောက်မှာ အခုလိုမျိုး ဗီလာအသင်းနဲ့အပြောင်းအရွှေ့ဖြစ်လာခဲ့ပါတယ်။

ဗီလာအနေနဲ့ အင်္ဂလန်သားဟာ လုပ်ခလစာ ၇၀% ကိုပေးချေမှာဖြစ်သလို ဥရောပပြိုင်ပွဲဝင်ခွင့်ရခဲ့ရင် ထပ်ဆောင်းအပိုဆုကြေးတွေပါရရှိမှာဖြစ်ပါတယ်။ ဗီလာဟာ ဒူရန်ကိုရောင်းထုတ်ခဲ့ပြီးနောက် တိုက်စစ်ပိုင်းအတွက် အစားထိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားခွင့်ပြတ်လပ်နေပေမယ့် ရက်ရှ်ဖို့ဒ်တစ်ယောက် ဗီလာအသင်းအတွက် မကြာခင်မှာ ကစားခွင့်ရဖွယ်ရှိနေပါတယ်။