
ပွဲကစားချိန်အတွင်း ဘရန့်ဖို့ဒ် ပရိသတ်တွေဘက်လှည့်ပြီး ထူးထူးခြားခြားတုံ့ပြန်ခဲ့တဲ့ ရမ်စ်ဒေးလ်
ယနေ့နံနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က ပွဲချိန်အတွင်း ဘရန့်ဖို့ဒ်အသင်းဘက်မှ ကန်ချက်ကို ကာကွယ်ပြီးပြီးနောက် ဘရန့်ဖို့ဒ်ပရိသတ်တွေဘက်ကို လှည့်ကာ ထူးထူးဆန်းဆန်းတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကာရာဘောင်ဖလား စတုတ္ထအဆင့်ပြိုင်ပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၈ မိနစ်မှာပဲ အန်ကီတီယာရဲ့ပေးပို့မှုတစ်ဆင့် တောင်ပံကစားသမား နယ်ဆင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ပွဲထွက် ကစားသမားစာရင်းမှ ၃ ပွဲဆက်တိုက်အပယ်ခံခဲ့ရတဲ့ ရမ့်စ်ဒေးဟာ ဒီနေ့မှာတော့ ပွဲထွက်ကစားသမားအဖြစ်ပြန်လည်ပါဝင်လာခဲ့ပြီး ပွဲကစားချိန်အတွင်းမှာပဲ အာဆင်နယ်အသင်းရဲ့ ဂိုးကိုကျောပေးပြီး ဘရန့်ဖို့ဒ် ပရိသတ်တွေဘက်လှည့်ကာ ထူးခြားတဲ့အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဗီဒီယိုကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေက "ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ထည့်သွင်းခံရပြီးနောက် ကောင်းမွန်တဲ့ကာကွယ်မှုအပြီးမှာ ရမ်စ်ဒေးလ်ဟာ ဘရန့်ဖို့ဒ်ပရိသတ်တွေကို ကြီးကြီးမားမားတုံ့ပြန်ခဲ့ပါတယ်"ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မျှဝေခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ ရမ်စ်ဒေးလ်ဟာ ဘရန့်ဖို့ဒ်ဘက်မှပြင်းထန်တဲ့ ကန်ချက်ကို အကောင်းဆုံးကာကွယ်ပြီးနောက် ဘရန့်ဖို့ဒ် ပရိသတ်တွေဘက်ကို လှည့်သွားတဲ့ပုံကို မြင်တွေ့ရနိုင်ပါတယ်။
ပွဲမစခင်မှာ ပရိသတ်တွေက အာတီတာအနေနဲ့ ရမ်စ်ဒေးလ်ကို ပြန်လည်ပွဲထုတ်ပါ့မလားဆိုတာ သံသယရှိခဲ့ကြပေမယ့် ရမ်စ်ဒေးဟာ အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ရာသီအစမှာ အာဆင်နယ်ရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် ပွဲစဉ်တိုင်းမှာပါဝင်ခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့တဲ့ အဲဗာတန်၊ ပီအက်စ်ဗွီ၊ တော့တင်ဟမ်တို့နဲ့ပွဲစဉ်တွေမှာတော့ အရန်ဂိုးသမားအဖြစ်သာပါဝင်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွေမှာ အာတီတာက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အငှားစာချုပ်နဲ့ အသစ်ရောက်လာခဲ့တဲ့ ဂိုးသမား ရာယာကို ပွဲထွက်ဂိုးသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ သို့သော် အာတီတာက ရမ်စ်ဒေးလ်ရဲ့ အရန်ခုံမှာထိုင်နေရတဲ့ ခံစားချက်ကိုနားလည်ကြောင်း မကြာမီက ဝန်ခံခဲ့ပါတယ်။ ၎င်းက "သူ့ရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါက ကစားသမားတိုင်းအတွက် အရမ်းခက်ခဲတဲ့အခြေအနေတစ်ခုပါ။ သူကအသင်းကို အရမ်းပံ့ပိုးနိုင်ပြီး အရေးပါတဲ့ ကယ်တင်မှုတွေပြုနိုင်ပေမယ့် ဒီလိုပံ့ပိုးမှုမျိုးကို အသင်းရဲ့ကစားသမား တစ်ဦးချင်းဆီတိုင်းကနေ ကျွန်တော်မျှော်လင့်ထားကြောင့် ရာယာကိုစတင်အသုံးပြုခဲ့တာပါ။ အခုထိတော့ ရမ်စ်ဒေးလ်ဟာ အသင်းအတွက် ပံ့ပိုးမှုတွေပြုလုပ်နိုင်ဆဲဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။