
အဲဗာတန်နဲ့ပွဲအပြီးမှာ အထုတ်ခံခဲ့ရတာကြောင့် ၂ ပွဲပယ်ခံရတော့မယ့် အန်းစလော့
မနေ့ညကကစားခဲ့တဲ့ မာဆေးလ်ဆိုက်ဒါဘီပွဲအပြီးမှာ လီဗာပူးနည်းပြ စလော့အထုတ်ခံခဲ့ရတာကြောင့် ၂ ပွဲပယ်ခံရတော့မယ်လို့ သိရပါတယ်။ မာဆေးလ်ဆိုက်ဒါဘီပွဲက ၂ ဖက်အသင်းကြားမှာ ပြင်းထန်ခဲ့ပြီး အဲဗာတန်က နောက်ကျချေပဂိုးနဲ့အတူ အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ပွဲသိမ်းခရာမှုတ်ချိန်မှာ ဒူကိုရေး နဲ့ ကာတစ်ဂျုံးစ်တို့ အချင်းများခဲ့သလို နည်းပြ စလော့အပြင် လက်ထောက်နည်းပြ ဆစ်ပါ အထုတ်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာ စလော့တစ်ယောက် သတင်းစာရှင်းပွဲကို မတက်ရောက်ခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရပြီး ပရီးမီးယားလိဂ်ဘက်ကလည်း ပွဲပယ်ပြစ်ဒဏ်ကို အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ “လီဗာပူးနည်းပြ စလော့က မာဆေးလ်ဆိုက်ဒါဘီပွဲအပြီးမှာ စော်ကားတဲ့စကားလုံးသုံးနှုန်းခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ”လို့ ပရီးမီးယားလိဂ်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲမှာ သရေကျခဲ့ပေမယ့် လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၇ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သားဟာ လာမယ့် ၂ ပွဲကို ပွဲကြည့်စင်ကနေ ကြီးကြပ်ရမှာဖြစ်ပြီး လက်ထောက်နည်းပြ ဂျွန်နီက တာဝန်ယူရမှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ အန်ဖီးလ်မှာ ဝုဗ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စလော့အနေနဲ့ လာမယ့် မန်စီးတီးနဲ့ပွဲမှာတော့ ပွဲပယ်ပြစ်ဒဏ်ကနေလွတ်မြောက်မှာဖြစ်ပြီး အသင်းကို ပြန်လည်ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။