ဂန်နာတွေရဲ့ကွင်းလယ်ကစားသမား စမစ်ရိုဝီကို စိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဂ်ကလပ်များ
ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်တွေက ဆက်တိုက်စိတ်ဝင်စားနေတဲ့ စမစ်ရိုဝီအတွက် အာဆင်နယ်က ပေါင် ၂၅ သန်း (ဒေါ်လာ ၃၂ သန်း) ဈေးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲသာ ကစားခဲ့ရပြီးနောက် စမစ်ရိုဝီဟာ အာဆင်နယ်ရဲ့ အရောင်းစာရင်းမှာရှိနေတာဖြစ်ပါတယ်။ ဂန်နာတွေဟာ သူ့ကို ပေါင် ၂၅ သန်းအောက် နည်းတဲ့ဈေးဖြင့် လက်လွှတ်သွားမှာမဟုတ်ပါဘူးလို့ The Sun က ဖော်ပြထားပါတယ်။
မြောက်လန်ဒန်ကလပ်နှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားကိုခေါ်ယူဖို့အတွက် ဖူလ်ဟမ်က စိတ်ဝင်စားနေပါတယ်။ ဘိုင်ယန်မြူးနစ်သို့ ပြောင်းသွားတဲ့ အိုလီဆီရဲ့ နေရာကိုအစားထိုးနိုင်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်ကလည်း သူ့ကို စိတ်ဝင်စားနေပါတယ်။သူဟာ အာဆင်နယ်အတွက် ၁၁၅ ပွဲကစားထားပြီး ၁၈ ဂိုးသွင်းယူကာ ၁၃ ဂိုး ဖန်တီးပေးထားပါတယ်။ သူဟာ အင်္ဂလန် ယူ ၂၁ အသင်းအတွက် ၁၆ ပွဲကစားပေးထားပြီး စီနီယာပွဲထွက်ခွင့်တော့ မရရှိသေးပါဘူး။လာမယ့်ခေါ်ယူမှုတွေအတွက် ငွေကြေးရရှိဖို့ အာဆင်နယ်ဟာ စမစ်ရိုဝီအတွက် ကမ်းလှမ်းမှုတွေကို စောင့်နေမှာဖြစ်ပါတယ်။ အာဆင်နယ်သတ်မှတ်ထားတဲ့တန်ကြေးကို ပြိုင်ဘက်ကလပ်တွေက ပေးပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။