
ဝုဗ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် သူဟာ မှော်ဆရာတစ်ယောက်မဟုတ်ဘူးလို့တုံ့ပြန်လာခဲ့တဲ့ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ယမန်နေ့ညက အိမ်ကွင်းမှာ ဝုဗ်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူဟာ မှော်ဆရာတစ်ယောက်မဟုတ်ဘူးလို့ တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။
ယခုရှုံးပွဲဟာ ဝုဗ်နဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး ၅ ပွဲအတွင်း ၄ ပွဲမြောက်ရှုံးပွဲဖြစ်လာခဲ့ပြီး ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့တဲ့တော့တင်ဟမ်ဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာကိုကျဆင်းသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ရမှတ် ၂ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
ပွဲအပြီးမှာ ထိပ်ဆုံး ၄ သင်းနေရာကို ပြန်လည်ပို့ဆောင်နိုင်ဖို့ရှိမရှိကိုမေးမြန်းခဲ့ရာ ပိုစတီကိုဂလူက “ဒီမှာက ဖြတ်လမ်းဆိုတာမရှိပါဘူး။ အရမ်းခက်ပါတယ်။ ကျွန်တော်က မှော်ဆရာတစ်ယောက်မဟုတ်ပါဘူး။ ဘောလုံးနည်းပြ တစ်ယောက်ပါ။ ကစားသမားတွေကို နှစ်တိုင်းကြိုးစားသလို ဒီနှစ်မှာလည်း ကြိုးစားရပါမယ်။ ကျွန်တော်တို့ ဆက်သွားပါမယ်”
“ဒီပွဲကို ကျွန်တော်တို့ ကောင်းကောင်းမစတင်နိုင်ခဲ့ပါဘူး။ ဘောလုံးကိုင်ထားနိုင်ခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေ မပြုလုပ်ခဲ့ရပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့ ဒဏ်ရာပြဿနာတွေကြုံတွေ့ထားရပြီး ဒါကအသင်းကိုတော်တော်လေး ဒုက္ခပေးပါတယ်။ ဒါက ဆင်ခြေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့သာမန်စွမ်းဆောင်ရည်က ဒီထက်ပိုကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဩစတြေးလျသားက “နောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာအောင်လုပ်ရပါမယ်။ ကျွန်တော်တို့ မတူညီတဲ့ပုံစံကို တည်ဆောက်သွားပါမယ်။ အိမ်ကွင်းမှာကစားရမယ့်ပွဲကို သေချာစေဖို့ ကြားထဲကအချိန်တွေကို အကောင်းဆုံးအသုံးချသွားပါမယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။