ယူရို ၂၀၂၄ မှာ အမ်ဘာပေ အတော်လေးရုန်းကန်နေရတယ်လို့ ဝန်ခံလာတဲ့ ရာဘီယော့
ပြင်သစ်ကွင်းလယ်လူ အေဒရီရန်ရာဘီယော့က အသင်းဖော်ကစားသမား ကီလီယန်အမ်ဘာပေဟာ ယခုကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အတော်လေးရုန်းကန်နေရတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ကစားသမားတွေထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ အမ်ဘာပေဟာ ယူရိုပြိုင်ပွဲမှာ ၄ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် ပိုလန်ကို သရေကျခဲ့တဲ့ အုပ်စုပွဲစဉ်မှာသာ ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူထားနိုင်တာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ ဩစတြီးယားကို အနိုင်ရခဲ့တဲ့ အုပ်စုပထမဆုံးပွဲစဉ်မှာပဲ နှာခေါင်းရိုးကျိုး ဒဏ်ရာရခဲ့တာကြောင့် ကျန်တဲ့ပွဲစဉ်တွေအားလုံးကို မျက်နှာဖုံးစွပ်ပြီး ကစားနေရတာဖြစ်ပါတယ်။
အမ်ဘာပေသာမက ပြင်သစ်ရဲ့ အတောက်ပဆုံးကြယ်ပွင့်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အန်တိုနီဂရစ်ဇ်မန်းကလည်း ပုံစံကောင်းရဖို့အတော်လေးရုန်းကန်နေရတာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ယခုအခါမှာ အသက်-၃၃ နှစ်အရွယ် ကစားသမားဟာ ခြေစွမ်းညံ့ဖျင်းမှုကြောင့် စပိန်နဲ့ယှဉ်ပြိုင်သွားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ရနိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ရာဘီယော့က “ဘောလုံးက အသင်းလိုက်ကစားရတဲ့ အားကစားဖြစ်လို့ သူတို့ ရုန်းကန်နေရရင်တောင် ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်လာပါပြီ။ အသင်းစိတ်ဓာတ်ရှိဖို့က အရေးကြီးပြီး တစ်ဦးချင်းမဟုတ်ဘဲ အသင်းလိုက်အောင်မြင်မှုရဖို့က ပိုအရေးကြီးပါတယ်။ အမ်ဘာပေနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ခြေစွမ်းက သူတို့မှာရှိသင့်သလောက် မရှိသေးပေမယ့် ကျွန်တော်တို့ကတော့ သူတို့ဘက်မှာ ၁၀၀ ရာခိုင်နှုန်းရှိပါတယ်။ သူတို့ကို မျက်စိစုံမှိတ်ပြီး ယုံကြည်ပါတယ်။ သူတို့က ပွဲရဲ့အဖြေကို ဘယ်လိုအချိန်မျိုးမှာမဆို ပြောင်းလဲနိုင်တဲ့ကစားသမားတွေပါ။ သူတို့မှာ အခက်အခဲတွေရှိနေရင်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့က ပံ့ပိုးကူညီသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ရာဘီယော့က အမ်ဘာပေနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ ရုန်းကန်ရမှုတွေက အသင်းအတွက် သက်ရောက်မှုရှိစေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ယူရိုမှာ ၅ ပွဲအထိ ပါဝင်ကစားခွင့်ရထားပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိသလို၊ ဂိုးဖန်တီးမှုလည်း ၁ ကြိမ်မှမပြုလုပ်နိုင်သေးပါဘူး။
ရာဘီယော့က “အမ်ဘာပေနဲ့ ဂရစ်ဇ်မန်းတို့သာ ခြေစွမ်းကို ထိပ်တန်းအဆင့်မှာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အများကြီးလွယ်ကူသွားမှာသေချာပါတယ်။ ဂရစ်ဇ်မန်း ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိလို့ သူ့ရဲ့ အခုပုံစံက အံ့အားသင့်စရာပါပဲ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ သူဘာတွေလုပ်ခဲ့သလဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ သူက လုံးဝ အထွတ်အထိပ်မှာ ရောက်နေတာပါ။ ကျွန်တော်လည်း မရှင်းပြတတ်တော့ပါဘူး။ သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားနည်းနေတယ်ပြောရမလားပဲ။ ကျွန်တော်တို့ သူ့ဆီကနေ အများကြီးမျှော်လင့်ထားတာကတော့ အမှန်ပါပဲ။ သူမပါဘဲ ကျွန်တော်တို့ နိုင်ပွဲရယူနိုင်ပါ့မလားဆိုတဲ့မေးခွန်းတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဆင့်အတန်းမြင့်တဲ့အသင်းတစ်သင်းပါ”လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တူဂီကို ပင်နယ်အဆုံးအဖြတ်မှာသာ အနိုင်ရခဲ့တာကြောင့် စပိန်ကိုကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသသွားနိုင်ဖို့ သေချာပေါက်လိုအပ်နေပါတယ်။ ဆိုင်းငံ့ပြစ်ဒဏ်ကြောင့် ပေါ်တူဂီနဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ ရာဘီယော့အနေနဲ့ စပိန်နဲ့ပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ချေရှိပါတယ်။