
ပေါ်တူဂီအသင်း ရှုံးနိမ့်ပြီး စပိန်၊ ဘယ်လ်ဂျီယံတို့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စနေည ဥရောပခြေစမ်းပွဲစဉ်များ
မနေ့ညက ယူရို၂၀၂၄ပြိုင်ပွဲအကြို ဥရောပခြေစမ်းပွဲတွေ ဆက်ကစားခဲ့ရာမှာ ပေါ်တူဂီအသင်း ရှုံးနိမ့်သွားပြီး စပိန်၊ ဘယ်လ်ဂျီယံတို့ ဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။
စပိန်အသင်းဟာ မြောက်အိုင်ယာလန်ကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ ပွဲချိန်၂မိနစ်မှာတင် ဘောလက်က မြောက်အိုင်ယာလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ စပိန်တို့ ချေပဂိုးရခဲ့ပြီး ပက်ဒရီက သွင်းယူပေးခဲ့ကာ ၂၉မိနစ်မှာ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။
ပထမပိုင်းမပြီးခင်မှာတင် မိုရာတာ၊ ဖေဘီယန်ရုဇ်တို့ ဂိုးတွေထပ်မံသွင်းယူနိုင်တာကြောင့် စပိန်တို့ ၄-၁ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ မိနစ်၆၀မှာတော့ အိုယာဇာဘယ်က စပိန်အတွက် ၅ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဂိုးပြတ်နိုင်ပွဲဖန်တီပေးခဲ့ပါတယ်။ ပေါ်တူဂီကတော့ ခရိုအေးရှားကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ယူရိုပြိုင်ပွဲမတိုင်ခင် စိတ်ပျက်စရာကြုံခဲ့ရပါတယ်။
ပွဲအစ၈မိနစ်မှာတင် မိုဒရစ်က ခရိုအေးရှားအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဂျိုတာရဲ့ချေပဂိုးကြောင့် ပေါ်တူဂီတို့ ပြန်လာနိုင်ခဲ့ပေမယ့် ၈မိနစ်အကြာမှာပဲ ခရိုအေးရှားအတွက် အနိုင်ဂိုးကို ဘူဒီမာက သွင်းယူပေးသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းက လူဇင်ဘော့ကို လူကာကူ၊ ထရိုဆက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ရပြီး ပုံစံကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။