The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ ‘ကလပ်တစ်ခုထက် ပိုပါတယ်’ ဆိုတဲ့ ဆောင်ပုဒ်ကို ပြစ်တင်ဝေဖန်လိုက်တဲ့  ပိုချက်တီနို

လက်ရှိ အမေရိကန်လက်ရွေးစင်အသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ဘာစီလိုနာရဲ့ ‘ကလပ်တစ်ခုထက် ပိုပါတယ်’ ဆိုတဲ့ ဆောင်ပုဒ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး၊ အက်စ်ပန်ညိုအသင်းက ပိုပြီး ‘ကာတာလန်ဆန်ပါတယ်’ လို့ အလေးပေး ပြောကြားခဲ့ပါတယ်။ လာလီဂါချန်ပီယံဟောင်းကို ဘယ်တော့မှ နည်းပြမှာ မဟုတ်ဘူးလို့လည်း သူက ပြောဆိုခဲ့ပြီး အာဂျင်တီးနားမှာ လယ်လုပ်တာ ပိုကြိုက်ဦးမယ်လို့ပင် နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုဟာ ဘာစီလိုနာအသင်းရဲ့ ယဉ်ကျေးမှု ဆိုင်ရာ အမှတ်အသားကို တိုက်ခိုက်ခဲ့ပြီး ‘ကလပ်တစ်ခုထက် ပိုပါတယ်’ ဆိုတဲ့ ဆောင်ပုဒ်ရဲ့ အဓိပ္ပာယ်ကို တိုက်ရိုက်မေးခွန်းထုတ်ခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုဟာ အက်စ်ပန်ညိုအသင်းမှာ ကစားသမား၊ နည်းပြဟောင်းတစ်ဦးလည်း ဖြစ်ခဲ့သူပါ။ သူက ဘာစီလိုနာရဲ့ ရပ်တည်ချက်ဟာ ကာတာလန်ယဉ်ကျေးမှု ကို လွဲမှားစွာ ဖော်ပြနေတယ်လို့ ယုံကြည်နေပြီး အနာဂတ်မှာ ဘာစီလိုနာကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ခြေမရှိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

El Chiringuito နဲ့ ပြောဆိုရာမှာ ပိုချက်တီနိုက ‘အက်စ်ပန်ညိုအသင်းက ဘာစီလိုနာထက် ပိုပြီးတော့ သီးခြားရပ်တည်နိုင်တဲ့ ကလပ်ဖြစ်ပြီး၊ ကာတာလန်လည်း ပိုဆန်ပါတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့က ဘာကာဟာ ကလပ်တစ်ခုထက် ပိုပါတယ်လို့ ပြောနေကြပါတယ်။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ။ ကလေးတွေကို စိတ်ကူးအချို့အပေါ် ဦးတည်စေတာလား။ အဲ့ဒီအချက်အပေါ် ဘာစီလိုနာမှားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးအသင်းတိုင်းမှာ သူ့ရဲ့ ယဉ်ကျေးမှု ရှိနေပါတယ်။ ဘာကာကလည်း ကြီးကျယ်တဲ့ ကလပ်တစ်ခုပါပဲ။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ဝယ်စေချင်တဲ့ ဒါမှမဟုတ် လူတွေကို ရောင်းချစေချင်တဲ့အရာကို ကျွန်တော် သဘောမတူဘူး’ လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်လက်ရွေးစင်အသင်းနည်းပြက ‘ဘာစီလိုနာကို နည်းပြမယ့်အစား အာဂျင်တီးနားမှာ လယ်ယာလုပ်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကတော့ အခုထိကောင်းနေတုန်းပါပဲ။ အက်စ်ပန်ညိုနဲ့ ကျွန်တော် ရင်းနှီးမှုက အပြည့်အဝပါပဲ။ လူတွေက ဘာကာက အလုပ်ကမ်းလှမ်းခဲ့ရင် တွေ့ရမှာပါလို့ အမြဲပြောနေကြတယ်။ ဘာစီလိုနာကို နည်းပြမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောပြနိုင်ပါတယ်’ လို့ ထပ်ပြောခဲ့ပါတယ်။

ပိုချက်တီနိုရဲ့မှတ်ချက်တွေက အားကစားမှာသာမက နိုင်ငံရေးမှာပါ အမြစ်တွယ်နေတဲ့ စပိန်ရဲ့ အပြင်းထန်ဆုံး ဘောလုံးပြိုင်ဆိုင်မှုတွေထဲက တစ်ခုကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကာတာလန် အမျိုးသားရေးဝါဒကို ကြာရှည်စွာ လက်ခံထားသလို၊ အက်စ်ပန်ညိုကတော့ ကာတာလိုးနီးယားမှာ အခြေစိုက်ပေမယ့် စပိန်ဘုရင်ဟောင်း အယ်လ်ဖွန်ဆို ၁၃ ဘုရင် ချီးမြှင့်ခဲ့တဲ့ ‘ရီးရဲလ်’ သင်္ကေတကို ပိုင်ဆိုင်ထားတာကြောင့် ရိုးရာအရ စပိန်ရဲ့အမှတ်အသားကို အလေးထားသူတွေပဲ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ တင်းမာတဲ့ ရပ်တည်ချက်က သူ့ရဲ့အသင်းဟောင်းအပေါ် သစ္စာရှိမှုကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပိုချက်တီနိုရဲ့အာရုံစိုက်မှုက ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေတဲ့ အမေရိကန်လက်ရွေးစင်အသင်းကို ဦးဆောင်ဖို့ဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ပြည်တွင်းနဲ့ ဥရောပဖလားတွေအတွက် ကြိုးပမ်းနေတဲ့ ဟန်ဆီ ဖလစ်ခ်ရဲ့ ခေတ်ထဲမှာ ဆက်ရှိနေပါတယ်။ အက်စ်ပန်ညိုကတော့ ကာတာလိုးနီးယားရဲ့ ကွဲပြားနေတဲ့ ဘောလုံးအခြေအနေမှာ သူတို့ရဲ့နေရာကို ထပ်လောင်းအတည်ပြုပေးခဲ့တဲ့ နည်းပြဟောင်းရဲ့ စကားတွေအပေါ် ဂုဏ်ယူနေမှာပဲ ဖြစ်ပါတယ်။