
The network connection is lost.

ဒီနေ့မနက်ပိုင်း၊ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ ဘရိုက်တန်ကို စိတ်အားတက်ကြွဖွယ် ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချဲလ်ဆီးနည်းပြပိုချက်တီနိုက တစ်ဦးချင်းစွမ်းဆောင်ရည်တွေအပေါ် ဦးစားပေးပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
နောက်ဆုံး သုံးပွဲဆက်ဂိုးပေါက်ပျောက်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၄ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးက အိမ်ကွင်းမှာ ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။ အခုပွဲစဉ်အတွက် ချဲလ်ဆီးရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကို နီကိုလပ်စ်ဂျက်ဆန်က ဒုတိယပိုင်း ပွဲချိန်အစောပိုင်းမှာပဲ သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးက ဂျက်ဆန်အတွက် အခုရာသီ ဒုတိယမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာလည်း စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်ရဲ့သွင်းဂိုးတွေ ထပ်မံမြင်တွေ့ရဖို့ နီးစပ်ခဲ့ပေမယ့် အငြင်းပွားဖွယ်လူကျွံဘောဆုံးဖြတ်ချက်နှစ်ခုကြောင့် မမြင်တွေ့ခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ ပိုချက်တီနိုရဲ့အသင်းက Clean Sheet နဲ့အတူ နိုင်ပွဲရယူပြီး ကာရာဘောင်ဖလားစတုတ္ထအဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပွဲပြီးချိန်မှာ ပိုချက်တီနိုဆီ အခုပွဲစဉ်အတွက် အနိုင်ဂိုးရှင်ဂျက်ဆန်၊ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်စတင်ရရှိချိန်မှာပဲ ဂိုးဖန်တီးမှုတစ်ကြိမ်စွမ်းဆောင်နိုင်ခဲ့တဲ့ ပယ်လ်မာတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားသားက သီတင်းပတ်အတော်ကြာ ဂိုးပေါက်ပျောက်ပြီး ဝေဖန်မှုတွေခံယူခဲ့ရတဲ့ အသင်းရဲ့ အခုပွဲစဉ်စွမ်းရည်ပိုင်းအပေါ် ချီးကျူးဖို့ကိုသာ ဦးစားပေးခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပိုချက်တီနိုက “အသင်းရဲ့ကောင်းမွန်တဲ့ တုံ့ပြန်မှုတစ်ခုပါ။ ဒီလိုစွမ်းဆောင်ရည်မျိုး နောက်တစ်ကြိမ်ပြန်မြင်ရလို့ ကျေနပ်မိပါတယ်။ အခုနိုင်ပွဲအတွက် ပျော်ရွှင်မိသလို ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ အမှန်တရားကို တည်ဆောက်ဖို့၊ ဒီပြိုင်ပွဲမှာ ရှေ့ဆက်ခရီးဆက်နိုင်ဖို့ အရေးကြီးနေပြန်ပါတယ်။ အနာဂတ်ဆီ အခုလိုအရှိန်အဟုန်မျိုး ဆက်လက်သယ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဂျက်ဆန်၊ပယ်လ်မာတို့နဲ့ ပတ်သက်လို့ မေးမြန်းမှုကိုတော့ အာဂျင်တီးနားသားက “တိုက်စစ်မှူးဆိုတာ ဂိုးသွင်းနိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျက်ဆန်ဆီမှာ ဂိုးသွင်းနိုင်ခြင်းခံစားမှုတွေ လိုအပ်ခဲ့သလို သူ့အတွက်လည်း အရေးပါခဲ့ပါတယ်။ သူ့အတွက် အရမ်းကျေနပ်မိပါတယ်။ ပယ်လ်မာကတော့ အရမ်းထူးချွန်တဲ့ကစားသမားတစ်ဦးပါ။ ဒီညအောင်ပွဲအတွက် အဓိကကျသူလည်း ဖြစ်ပါတယ်။ အသင်းနဲ့သာမက ကလပ်နဲ့ရော၊ မြို့နဲ့ပါ အသားကျဖို့ လိုအပ်နေဆဲ လူငယ်လေးတစ်ဦးပါ။ ဒီနေ့မှာတော့ သူဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ရခဲ့တယ်လို့ပဲ ထင်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။
ကာရာဘောင်ဖလားပြိုင်ပွဲ နောက်ဆုံး ၁၆ သင်း အဆင့်မဲခွဲမှုရလဒ်တွေအရ ချဲလ်ဆီးက ဘလက်ဘန်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရပါမယ်။ ဒီပွဲစဉ်ကို အောက်တိုဘာလကုန်ပိုင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။ လာမယ့်အောက်တိုဘာ ၃ ရက်မှာတော့ ပိုချက်တီနိုရဲ့အသင်းက ဖူလ်ဟမ်ကို အဝေးကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရပါမယ်။