
ယူရို၂၀၂၄မှာ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ကသာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုလာတဲ့ ချက်နည်းပြ
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချက်အသင်းဟာ ပေါ်တူဂီ၊ တူရကီ၊ ဂျော်ဂျီယာတို့နဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေတာကြောင့် ဒီနှစ်ပြိုင်ပွဲအတွက်တော့ အုပ်စုကနေလွတ်မြောက်ပြီး ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ဖို့ကသာ အဓိကရည်မှန်းချက်ဖြစ်တယ်လို အသင်းနည်းပြ အိုင်ဗန်ဟာဆက်ခ်က ပြောကြားလာခဲ့ပါတယ်။
ဟာဆက်ခ်ဟာ ချက်လက်ရွေးစင်အသင်းကို ယခုနှစ် ဇန်နဝါရီလအစောပိုင်းကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ယူရိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ယူရိုမှာ ချက်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သော်လည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေစစ်ပွဲကျရှုံးခဲ့တာကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုလို ယူရိုပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက်လည်း ချက်ဟာ ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
အသင်းရဲ့ရည်မှန်ချက်နဲ့ပတ်သက်ပြီးတော့ ဟာဆက်ခ်က “ပေါ်တူဂီက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းပါ။ တူရကီကလည်း ခြေတက်နေပါတယ်။ ပြီးတော့ ဂျော်ဂျီယာကလည်း ဂရိကိုအနိုင်ရခဲ့တော့ သူတို့မှာ အရည်အသွေးရှိတယ်ဆိုတာ သက်သေပြထားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပွဲစဉ်တိုင်းကို အနိုင်ရဖို့အတွက် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ရဲ့အဓိက ရည်မှန်းချက်ကတော့ ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ယခုပြိုင်ပွဲမှာ အသက်-၆၀ နှစ်အရွယ် ဟာဆက်ခ်အတွက် သတင်းကောင်းတစ်ခုရှိနေပြီး အဲဒါကတော့ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ဟာ ဒဏ်ရာကနေ သက်သာလာတာကြောင့် ပါဝင်ကစားနိုင်ပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ အသက်-၂၈ နှစ်အရွယ်ကစားသမား ပြီးခဲ့တဲ့ရာသီရဲ့ အလယ်ပိုင်းလောက်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာဖြစ်ပေမယ့် လေဗာကူဆင်အတွက် ဘွန်ဒက်စ်လီဂါဖလားနဲ့ ဂျာမန်ပိုကယ်ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
ပက်ထရစ်ရှစ်ခ်နဲ့ပတ်သက်ပြီး ဟာဆက်ခ်က “ပက်ထရစ်က နိုင်ငံအသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားပါ။ ကွင်းထဲမှာပဲမဟုတ်ပါဘူး။ အဝတ်လဲခန်းထဲမှာလည်း သူ့ရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ လေဗာကူဆင်မှာရှိနေတဲ့ သူ့ရဲ့အနေအထားက ဒါကိုသက်သေပြထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဟာဆက်ခ်ဟာ ချက်အသင်းနဲ့ ပြီးခဲ့တဲ့ မတ်လ နိုင်ငံတကာပွဲစဉ်တွေကျင်းပချိန်မှာ တစ်ကြိမ်သာလက်တွဲလုပ်ဆောင်ခဲ့ဖူးတာကြောင့် တိုးတက်မှုတွေပြုလုပ်ဖို့အတွက် အချိန်အလုံအလောက်ပေးရမယ်လို့ ဆိုပါတယ်။ အသက်-၆၀ နှစ်အရွယ်နည်းပြက “ကျွန်တော်တို့ ပထမဆုံးလုပ်ရမှာက ကစားသမားတွေ အချင်းချင်း ပိုကစားကြဖို့ပါ။ ကျွန်တော်တို့ တစ်ကြိမ်ပဲ ဆုံဖူးခဲ့တာမို့ အချိန်အလုံအလောက်မရခဲ့ပါဘူး။ ယူရိုအတွက် ခြေစမ်းပွဲစဉ်တွေကစားချိန်မှာ ကောင်းကောင်းညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အဘက်ဘက်မှာ ပိုကောင်းလာနိုင်ချေရှိပါတယ်”“ချက်ရဲ့ ဘောလုံးအဆင့်အတန်းက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်လာပါပြီ။ ဥရောပမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ကလပ်တွေက ဒါကို သက်သေပြထားပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေအတွက် အားကစားကွင်းကြီးတစ်ခု တည်ဆောက်ဖို့လိုအပ်တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကလည်း မကြာခင်မှာပဲ လမ်းကြောင်းမှန်ပေါ်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။