နောက်ကျောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိတဲ့ ဘရိုက်တန်တောင်ပံလူ မီတိုမာ
ဘရိုက်တန်တောင်ပံကစားသမားမီတိုမာက နောက်ကျောဒဏ်ရာပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရလို့ ရာသီကုန်အထိ အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
အသက် - ၂၆ နှစ်အရွယ် ဂျပန်လက်ရွေးစင်က အခုဒဏ်ရာကြောင့် အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဘရိုက်တန်နည်းပြ ဒီဇာဘီကလည်း မီတိုမာရဲ့ဘောလုံးရာသီဟာ လက်ရှိအခိုက်အတန့်မှာပဲ ပြီးဆုံးသွားနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီနေ့ညပိုင်း၊ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် ဒီဇာဘီက “မီတိုမာရဲ့ဒဏ်ရာအခြေအနေက အရေးကြီးတဲ့ပြဿနာတစ်ခုပါ။ ကျွန်တော့်အမြင် နှစ်လ(သို့မဟုတ်) သုံးလလောက် အနားယူရနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်ကျရင် ဘောလုံးရာသီလည်း ပြီးဆုံးပါပြီ။ နောက်ကျောဒဏ်ရာပါ။ ဒီဒဏ်ရာကြောင့်ပဲ သူ့ကို အဲဗာတန်နဲ့ပွဲစဉ်မှာ လက်လွှတ်ခဲ့ရပါတယ်”လို့ ဆိုပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ ဘရိုက်တန်ရဲ့အမြင့်ပျံခရီးစဉ်မှာ မီတိုမာက အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာလည်း ဘရိုက်တန်က ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ရှေ့ခရီးဆက်နေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်-၇ နေရာမှာ ရပ်တည်နေပေမယ့် လတ်တလောဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။
ဒီဇာဘီက Molineux ကွင်း၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်ကို တိုက်စစ်မှူးတွေဖြစ်တဲ့ အီဗန်ဖာဂူဆန်နဲ့ ဂျာအိုပက်ဒရိုတို့ လွဲချော်ပြီး နောက်ခံလူဗက်မန်း၊ တိုက်စစ်မှူးဝဲလ်ဘတ်တို့ရဲ့ကြံ့ခိုင်မှုကိုလည်း စစ်ဆေးသွားရဦးမယ်လို့ အတည်ပြုပြောဆိုပါတယ်။