ချဲလ်ဆီးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောကြားလာတဲ့ ပိုချက်တီနို
မကြာသေးမီက ချဲလ်ဆီးပရိသတ်တွေဟာ နည်းပြ ပိုချက်တီနိုကို အသင်းကနေ နုတ်ထွက်ဖို့ ဝိုင်ဝန်းလှောင်ပြောင်ပြောဆိုပြီး နည်းပြဟောင်း မော်ရင်ဟိုကို ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုခဲ့ကြပေမယ့် ပိုချက်တီနိုကတော့ အသင်းကနေ နုတ်ထွက်သွားမှာ မဟုတ်ကြောင်း ပြန်လည်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးပရိသတ်တွေဟာ ပွဲချိန်အတွင်း ပိုချက်တီနိုကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး မော်ရင်ဟိုရဲ့နာမည်ကို ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီး အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ အဆိုးဆုံး အခြေအနေကိုကြုံတွေ့ထားရတာကြောင့် ဖိအားတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပိုချက်တီနိုက “ကျွန်တော်အခု မတူညီတဲ့ ပရောဂျက်တစ်ခုကို ပုံဖော်နေပါတယ်။ ချဲလ်ဆီးရဲ့အတိတ်က အောင်မြင်မှုတွေကို အခုအခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဘယ်နည်းပြမှ အသင်းမှာ ကြာရှည်ခံမှာမဟုတ်ပါဘူး။ ပရိသတ်တွေ အနေနဲ့လည်း အခြားနည်းပြဆီကနေ ကျွန်တော့်ထက်ပိုပြီး မျှော်မှန်းနိုင်မှာမဟုတ်ပါဘူး။ အခုက ပရောဂျက်အသစ်ကို ပြုလုပ်နေတာဖြစ်လို့ သူတို့နားလည်ဖို့လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မန်နေဂျာအဖြစ်ကနေ နှုတ်ထွက်ဖို့အလားအလာရှိသလားလို့မေးမြန်းခဲ့ရာ ပိုချက်တီနိုက “မနုတ်ထွက်ပါဘူး။ ဘာဖြစ်လို့နုတ်ထွက်ရမှာလဲ။ ဘယ်တော့မှနုတ်ထွက်မှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီမှာ ရိုးမားအသင်းနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုအနေနဲ့ ချဲလ်ဆီးရဲ့လက်ရှိအခြေအနေတွေကို သူ့ထက်ပိုပြီး ထိန်းကျောင်းနိုင်မလားလို့ မေးမြန်းခဲ့ရာ ပိုချက်တီနိုက “ကျွန်တော် မော်ရင်ဟိုကို လေးစားပါတယ်။ သူကကျွန်တော့် မိတ်ဆွေပါ။ ပြီးတော့ သူကဒီအသင်းအတွက် အလွန်အရေးပါတဲ့လူလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေက အခြေအနေတွေပါပဲ။ ကျွန်တော်တို့ လက်ရှိအခြေအနေကို ဆက်လက်တွန်းအားပေးသွားပြီး ပရိသတ်တွေရဲ့ အသံတွေကို လက်ခံသွားပါမယ်။ ကျွန်တော် ပရိသတ်တွေကို လေးစားပါတယ်”
“သတင်းထောက်တွေအနေနဲ့ ကစားသမားတွေကို ကျွန်တော်နဲ့မဟုတ်ဘဲ အခြားနည်းပြနဲ့ဆို ပိုကောင်းလာမလားလို့ သွားမေးသင့်ပါတယ်။ ကျွန်တော့်ပုံစံက စိုးရိမ်နေတဲ့ ပုံပေါ်နေလို့လား။ ကျွန်တော်ဒီလိုလာခဲ့တာ ခက်ခဲမယ်မှန်းသိပါတယ်။ ပြီးတော အချိန်နဲ့ယုံကြည်မှု လိုအပ်တယ်ဆိုတာလည်း သိပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။