
ရုန်းရင်းဆန်ခတ် မာဆေးဆိုဒ်ဒါဘီပွဲစဉ်အပြီး အက်ဖ်အေရဲ့စွဲချက်တင်ခံလိုက်ရတဲ့ အန်းစလော့
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်အပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အန်းစလော့၊ အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ကို စွဲချက်တင်ခဲ့ပါတယ်။
အဲဗာတန်နဲ့ လီဗာပူးတို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ စိတ်လှုပ်ရားစရာဒါဘီပွဲစဉ်အပြီး ဒေါသအိုးတွေ ပေါက်ကွဲခဲ့ကြပါတယ်။ ပွဲစဉ်အပြီး ကတောက်ကဆဖြစ်ခဲ့တဲ့ ဒူကိုယေးနဲ့ ကာတစ်ဂျုံးစ်တို့လည်း နှစ်ဝါတစ်နီပြစ်ဒဏ်ထိခဲ့ကြပြီး ကြိုးကြာနီနည်းပြအန်းစလော့ကတော့ သူ့ရဲ့လက်ထောက်နဲ့အတူ ပွဲစဉ်တာဝန်ရှိသူတစ်ဦးအပေါ် မလျော်ကန်တဲ့ စကားလုံးအသုံးအနှုန်းသုံးစွဲတယ်(သို့မဟုတ်) အပြုအမူလုပ်ဆောင်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အနီကတ်ပြသကာ ထုတ်ပယ်ခံခဲ့ရပါတယ်။ FA ဘက်ကတော့ သက်ဆိုင်သူအားလုံးကို စွဲချက်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်မတိုင်ခင် တုံ့ပြန်ဖြေရှင်းကြဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး နောက်တစ်ရက်မှာပဲ အခုဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ဘက်မှ ထုတ်ပြန်ချက်တစ်ခု ထွက်ရှိလာပေမယ့် နောက်ပိုင်းမှာ အဲ့ဒီထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။
အခု FA ရဲ့ထုတ်ပြန်ချက်မှာတော့ “ ဖေဖော်ဝါရီ ၁၂ ရက်၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အဲဗာတန်၊ လီဗာပူး၊ အန်းစလော့နဲ့ ဟူလ်ရှော့ဖ်တို့အားလုံးကို စွဲချက်တင်လိုက်ပါပြီ။
ကလပ်အသင်းနှစ်ခုလုံးက သူတို့ရဲ့ကစားသမားတွေ (သို့မဟုတ်) နည်းစနစ်ဧရိယာထဲမှာရှိနေသူအားလုံးကို ပွဲစဉ်ပြီးဆုံးချိန် မလျော်ကန်တဲ့အပြုအမူတွေ (သို့မဟုတ်) ရန်စတဲ့အပြုအမူတွေ မလုပ်ဆောင်စေရန် သေချာကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့ပါတယ်။
လီဗာပူးနည်းပြကိုယ်တိုင်လည်း ပွဲစဉ်ပြီးဆုံးချိန် ကွင်းလယ်ဒိုင်နဲ့ လက်ထောက်ဒိုင်နှစ်ဦးလုံးဆီ ရည်ရွယ်ပြီး စော်ကားပြောဆိုမှုတွေ (သို့မဟုတ်) မလျော်ကန်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းလက်ထောက်နည်းပြက ပွဲစဉ်တာဝန်ရှိသူတစ်ဦးဆီ ရည်ရွယ်ကာ မလျော်ကန်တဲ့အပြုအမူ (သို့မဟုတ်) ရိုင်းစိုင်းတဲ့စကားလုံးတွေ သုံးစွဲခဲ့တယ်လို့ ယူဆခံခဲ့ရပြီး ဒီအပြုအမူကြောင့် သူကိုယ်တိုင်လည်း တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အခုကတော့ ပွဲစဉ်တာဝန်ရှိသူတစ်ဦးဆီ ရည်ရွယ်ပြီး မလျော်ကန်တဲ့အပြုအမူ (သို့မဟုတ်) ရိုင်းစိုင်းတဲ့စကားလုံးတွေ သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နောက်ထပ်စွဲချက်တင်လာတာ ဖြစ်ပါတယ်။
အဲဗာတန်၊ လီဗာပူး၊ အန်းစလော့နဲ့ ဟုလ်ရှော့ဖ်တို့အားလုံး ဖေဖော်ဝါရီ ၁၉ ရက်မတိုင်ခင် အခုစွဲချက်တွေနဲ့ပတ်သက်လို့ ဖြေရှင်းခွင့်ရှိပါမယ်”လို့ ဖော်ပြပါရှိပါတယ်။
အခုလိုဖြစ်ရပ်တွေကြောင့် အန်းစလော့နဲ့ ကာတစ်ဂျုံးစ်တို့ကို လီဗာပူးအသင်း ယာယီဆုံးရှုံးရနိုင်သလို လာမယ့်မေလ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအောင်ပွဲရယူဖို့အတွက် သူတို့ရဲ့အခွင့်အလမ်းတွေကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ကြိုးကြာနီတွေက မာဆေးဆိုဒ်ဒါဘီမတိုင်ခင် အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ကိုးမှတ်အထိ ဖြတ်နိုင်မယ့် အခွင့်အလမ်းရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ခုနစ်မှတ်သာ ဖြတ်နိုင်ခဲ့သလို ဂန်းနားတွေကို ချန်ပီယံပြေးလမ်းမှာဆက်ရှိနေစေဖို့ ခွင့်ပြုပေးခဲ့ရပါတယ်။
လာမယ့်သီတင်းပတ်အထိ ပြစ်ဒဏ်ချမှတ်ဖို့ မရှိသေးလို့ အန်းစလော့အနေဖြင့် ဝုဗ်နဲ့ပွဲစဉ်ရဲ့ကွင်းဘေးမှာ အသင်းကို ကြီးကြပ်နိုင်ဖွယ်ရှိပါတယ်။