
The network connection is lost.

ချဲလ်ဆီးအသင်းကနေ တစ်ရာသီအကြာမှာ ထွက်ခွာခဲ့ရတဲ့ နည်းပြဟောင်း ပိုချက်တီနိုက အသင်းဟောင်းနဲ့အတူရောက်ခဲ့တဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး ကျေနပ်မိတယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၅၂ နှစ်သားဟာ ဇူလိုင်လ ၁ ရက်နေ့တုန်းက ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တာဖြစ်ပြီး ပထမရာသီဝက်မှာ ရလဒ်တွေဆိုးဝါးခဲ့တာကြောင့် အခုရာသီအကုန်မှာ ၂ ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပိုချက်တီနိုနေရာမှာ လက်စတာနည်းပြ မာရက်စ်ကာ အစားထိုးခဲ့ပါတယ်။
အင်စတာဂရမ်ကနေ ပိုချက်တီနိုက “ကျွန်တော်တို့မှာ အတက်အကျတွေရှိခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီအသင်းအပေါ်မှာ ကျွန်တော်တို့အမြဲတမ်းယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ တည်ငြိမ်တဲ့အဆင့်တစ်ခုကို ရောက်ခဲ့ပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။
ရာသီအစရလဒ်တွေဆိုးဝါးခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ ကာရာဘောင်ဖလား ဒုတိယရခဲ့သလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း လက်ကျန် ၅ ပွဲစလုံးအနိုင်ကန်ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပိုချက်တီနိုက အသင်းဝန်ထမ်းတွေ နဲ့ သူနဲ့ကြားမှာ နားလည်မှုရှိတာက ပရိသတ်တွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကိုပြောကြားခဲ့ပါတယ်။ “
သူတို့က ချီးကျူးမှုနဲ့ထိုက်တန်ပါတယ်။ သူတို့ကွင်းထဲမှာ ဘယ်လောက်အထိ စွမ်းဆောင်ခဲ့လဲဆိုတာ ခင်ဗျားခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီရာသီအတွေ့အကြုံက ဒီအသင်းကိုအများကြီးတိုးတက်လာစေမှာပါ။ အနာဂတ်အတွက် ပိုသန်မာလာဖို့လည်း မျှော်လင့်ပါတယ်”လို့ အာဂျင်တိုင်းသားက ပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုဟာ လာမယ့်တနင်္ဂနွေနေ့မှာ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာမှာဖြစ်ပြီး ပရဟိတပွဲအတွက် အင်္ဂလန်အသင်းကို ကိုင်တွယ်မှာဖြစ်ပါတယ်။