The network connection is lost.

Banner Image

လိုအပ်နေတဲ့နိုင်ပွဲအတွက် ရဲစွမ်းသတ္တိပြသခဲ့တဲ့ ချဲလ်ဆီးအသင်းလို့ ကြွေးကြော်လိုက်တဲ့ ပိုချက်တီနို

ဒီနေ့မနက်ပိုင်း၊ စတမ်းဖို့ဘရစ်ချ်မှာ လိဒ်ကို အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအတွက် အသည်းကွဲတနင်္ဂနွေ ကာရာဘောင်ဖလားဖိုင်နယ်ရှုံးနိမ့်မှုမှ ပြန်လာနိုင်ဖို့အရေး လိုအပ်နေတဲ့ နိုင်ပွဲတစ်ခုဖြစ်တယ်လို့ နည်းပြပိုချက်တီနိုက ကြွေးကြော်လိုက်ပါတယ်။
 
ဝင်ဘာလေမှာ လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်အတွင်း သာမန်ပွဲချိန်ပြီးဆုံးခါနီးမှာ ရရှိလာတဲ့ အခွင့်အရေးကောင်းနှစ်ကြိမ်ကို အသုံးမချနိုင်ခဲ့တဲ့ ဂလယ်ဟာက အိမ်ကွင်းမှာ ချန်ပီယံရှစ်ကလပ်ကို အနိုင်ရရှိဖို့အတွက် လိုအပ်နေတဲ့အနိုင်ဂိုးကို အရန်ခုံမှထလာကာ သွင်းယူပေးခဲ့ပါတယ်။
 
အခုပွဲစဉ်မှာ ဒီဆာစီနဲ့ ကိုင်စီဒိုတို့ရဲ့ အမှားမှတဆင့် ဧည့်သည်တွေအတွက် အဖွင့်ရှစ်မိနစ်မှာပဲ မာတီယိုဂျိုးဆက်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ ဂျက်ဆန်က ချေပဂိုး၊ မိုဒရစ်ခ်က ဦးဆောင်ဂိုး ပြန်လည်ရယူခဲ့ပါတယ်။
 
ပွဲချိန်တစ်နာရီမပြည့်ခင်မှာပဲ လိဒ်ယူနိုက်တက်အတွက် ချေပဂိုးကို မက်တီယိုဂျိုးဆက်ကပဲ ခေါင်းတိုက်သွင်းယူပေးခဲ့ပေမယ့် အချိန်ပို ဆက်လက်မကစားရဖို့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ဖန်တီးပေးမှုမှတဆင့် ဂလယ်ဟာက အိမ်ရှင်တွေအတွက် အနိုင်ဂိုးရယူပြီး ၃-၂ ဂိုးဆိုတဲ့ ရလဒ်ဖြင့် ချဲလ်ဆီးတို့ နောက်တစ်ဆင့်ဆီ တက်လှမ်းသွားပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးက လက်စတာနဲ့ ရင်ဆိုင်ကစားရပါမယ်။
 
ပိုချက်တီနိုက “ဒီလိုရလဒ်ပိုင်းကို ကျွန်တော်တို့ လိုအပ်ခဲ့ပါတယ်။ အကောင်းဆုံး စွမ်းဆောင်ရည်မျိုးတော့ မဟုတ်ဘူးပေါ့။ လိဒ်ယူနိုက်တက်ကလည်း ယုံကြည်ချက်အပြည့်နဲ့ အရမ်းအားကောင်းတဲ့အသင်းဖြစ်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ အံ့ဖွယ်စွမ်းဆောင်ရည်တွေ ပြသနေပါတယ်။ ပွဲအစပိုင်းမှာပဲ ဦးဆောင်ဂိုးပေးလိုက်ရတာ ကျွန်တော်တို့အတွက် ခက်ခဲစေခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေအပြီးမှာ ကျွန်တော်တို့ပြသခဲ့တဲ့ စရိုက်လက္ခဏာပိုင်းက အသင်းဆီမှ သင်ယူရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော် အရမ်းပျော်ပါတယ်။ အချိန်ပို ဆက်မကစားရတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကွာတားဖိုင်နယ်အဆင့်ဆီလည်း ရောက်ရှိသွားပါပြီ။ ဗိုလ်လုပွဲကို အချိန်ပိုမှာ ရှုံးနိမ့်ရတာမျိုးက အမြဲတမ်းလိုလိုခက်ခဲပါတယ်။ ကျွန်တော်တို့မှာ အားအင်တွေ ပြန်လည်ဖြည့်တင်းခွင့်ရရှိဖို့ ၇၂ နာရီလောက်တောင် အချိန်မရရှိခဲ့ပါဘူး။ ဒါက အခက်အခဲအမြဲရှိပါတယ်။ ကြိုးစားအားထုတ်မှုက အတော်လေးကြီးမားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းကစားသမားတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သူတို့က အံ့ဖွယ်ကြိုးစားအားထုတ်မှု လုပ်ဆောင်ခဲ့လို့ပါ”လို့ ပြောပါတယ်။
 
‘ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးနဲ့ တွေ့ဆုံချိန် ကာရာဘောင်ဆုဖလားကို လက်လွှတ်ခံခဲ့တဲ့ အပြာရောင်ငပျော့အသင်း’ဆိုပြီး ဂယ်ရီနဗီးလ်ရဲ့ဝေဖန်မှုကိုလည်း ပိုချက်တီနိုက ထပ်မံပယ်ချခဲ့ပါတယ်။ သူက “ဂယ်ရီနဗီးလ်ကို ကျွန်တော် စိတ်မဆိုးပါဘူး။ ကျွန်တော့် သူ့ကို ခင်မင်ပေမယ့် ဆုဖလားကြီးတွေအတွက် အမြဲလိုလိုတိုက်ပွဲဝင်နေတဲ့အသင်း၊ ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ အသင်းကို အခုလို အသုံးအနှုံးမျိုးနဲ့ ပြောဆိုတာ မမျှတပါဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ? အခုလို စွမ်းဆောင်ရည်မျိုးပြသမှုနဲ့သာလျှင် ကျွန်တော်တို့က ရဲစွမ်းသတ္တိရှိပြီး ပွဲစဉ်တွေကို အနိုင်ယူနိုင်ပါလိမ့်မယ်။ ဘာမှပြောမနေတော့ဘဲ ရှေ့ကိုသာ ဆက်လျှောက်သွားရပါမယ်။ ဒီလိုဝေဖန်မှုတွေက ကျွန်တော်တို့ အတွက်တော့ အရေးမကြီးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဘယ်သူလဲ၊ ဘယ်လိုအခြေအနေမှာရှိနေသလဲ၊ ဘာတွေလုပ်နေသလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သိရှိထားလို့ပါ။ လီဗာပူးနဲ့ပွဲစဉ်ကို ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါက ဘာမှလုပ်လို့မရတော့ပါဘူး။ ကျွန်တော်တို့တွေ ရဲစွမ်းသတ္တိရှိပြီး အလုပ်ကို ခက်ခက်ခဲခဲကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ ကိုယ်တိုင်သိကြပါတယ်။ ကျွန်တော်တို့အတွက်တော့ သိပ်ပြီးအရေးမကြီးလှတဲ့ မှတ်ချက်တစ်ခုပါ”လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။