The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ဘာတွေ မှားယွင်းခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ နည်းပြပိုချက်တီနို

ယမန်နေ့ညပိုင်း၊ ဘုန်းမောက်ကို ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ချဲလ်ဆီးဟာ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ ရုန်းကန်ခဲ့ရတယ်လို့ နည်းပြပိုချက်တီနိုက ညည်းတွားပြောဆိုလိုက်ပါတယ်။
 
ဒီပွဲစဉ်က ချဲလ်ဆီးအတွက် ပြိုင်ဘက်အသင်းအပေါ် ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ပေမယ့် သွင်းဂိုးမရှာဖွေနိုင်တဲ့ နှစ်ပွဲဆက်ပွဲစဉ်ဖြစ်လာခဲ့ပြီး အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ငါးပွဲ ကစားပြီးချိန်အထိ အနောက်လန်ဒန်ကလပ်ရဲ့ သွင်းဂိုးက ငါးဂိုးသာ ရှိနေခဲ့ပါတယ်။ ဒီသွင်းဂိုးတွေအနက် သုံးဂိုးက တန်းတက်လူတန်တောင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တာပါ။
 
စိတ်ပျက်ဖွယ် ဂိုးမရှိသရေပွဲစဉ်အပြီး ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ပိုချက်တီနိုက ပွဲစဉ်တွေမှာ အနိုင်ရလဒ်ဖော်ဆောင်နိုင်ဖို့ ချဲလ်ဆီးရုန်းကန်နေရတဲ့ အဓိကအချက်ဟာ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ သွင်းဂိုးရှာဖွေနိုင်ဖို့ ပြဿနာရှိနေခြင်းပဲ ဖြစ်တယ်လို့ ရှင်းပြလာပါတယ်။
 
“ကျွန်တော်တို့အသင်း ဖန်တီးလာတဲ့ အခွင့်အရေးတွေကို ပြီးပြည့်စုံအောင်လုပ်ဖို့ နောက်တစ်ကြိမ် လိုအပ်ခဲ့တယ်လို့ ယူဆမိပါတယ်။ ပထမပိုင်းမိနစ် ၂၀ (သို့မဟုတ်) ၂၅ မိနစ်လောက်မှာ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့သင့်ပေမယ့် မသွင်းယူနိုင်ခဲ့ပါဘူး။ ပွဲပြီးဆုံးခါနီးမှာ ပွဲက ပိုသွက်လာခဲ့ပြီး ပွဲချိန်နှောင်းပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာဆိုရင် ကျွန်တော်တို့အသင်း အနိုင်ရလဒ်ကို ဖော်ဆောင်ချင်ခဲ့တယ်လို့ ထင်ပါတယ်။ တချို့အချိန်တွေမှာဆိုရင် အသင်းရဲ့ကစားဟန်က စုစည်းမှုအားနည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ခံအစွန်လူတွေက ရှေ့ဆီ အရမ်းရောက်နေခဲ့လို့ပါ။ ဒါက အချို့အခိုက်အတန့်တွေမှာ ဘုန်းမောက်အတွက် တန်ပြန်တိုက်စစ်စတင်ဖို့ အခွင့်အရေးတွေ ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ ပိုပြီးတော့ သက်သောင့်သက်သာရှိနေဖို့ လိုအပ်ပါတယ်”
 
“ကျွန်တော်တို့က အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် ဂိုးမသွင်းနိုင်တဲ့ ခံစားချက်ကြောင့် တခါတရံမှာ ခံစစ်ကစားသမားတွေက အကူအညီတွေ လိုအပ်နေတက်ပါတယ်။ ပါးနပ်ဖို့လည်း လိုအပ်ပေမယ့် ကစားသမား အတော်များများက အခုမှ ပွဲစဉ်တွေအကြောင်း လေ့လာနေဆဲ ဖြစ်နေပြန်ပါတယ်။ တိုးတက်ဖို့လိုအပ်နေတဲ့ နယ်ပယ်တွေနဲ့အတူ အသင်းသစ်တည်ဆောက်နေတဲ့ အချိန်ကာလတွေမှာ ဒီလိုမျိုးအရာတွေ ဖြစ်လေ့ရှိပါတယ်။ အခုလိုပွဲစဉ်မျိုးမှာ ဂိုးသွင်းနိုင်ဖို့ ကြိုးစားပြီးရင်း ကြိုးစားနေပေမယ့် ဂိုးမသွင်းနိုင်ဘူး၊ ဒါက သာမန်ပါပဲ။ ဒါပေမယ့် ကိုယ်က အနိုင်မရဘူးဆိုရင် ရှုံးနိမ့်လို့တော့ မရပါဘူး။ ရလဒ်ပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတွင်း အခြေအနေတွေကို ကျွန်တော်တို့ သိခဲ့တာမှန်ပေမယ့် ကျွန်တော်တို့ အသင်းက အနိုင်ရရှိခဲ့ချင်လို့ပါ။ ကျွန်တော်တို့က ဒီထက်ပိုပြီး ထိုက်တန်ပေမယ့် ကျွန်တော်တို့နဲ့ထိုက်တန်တဲ့အရာကိုတော့ မရရှိခဲ့ပါဘူး”လို့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။
 
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက ငါးပွဲကစား၊ ရမှတ်ငါးမှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်-၁၅ နေရာမှာ ရပ်တည်နေပါတယ်။