
The network connection is lost.

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်က ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပြဿနာအချို့နဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အခုချိန်မှာလည်း ပီကေးက အသင်းဟောင်းအနေနဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေကို အရိုးသားဆုံးပရိသတ်တွေထံချပြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ စပိန်စတားဟောင်းက ဘာစီလိုနာအနေနဲ့ လက်ရှိအနေအထားနဲ့ ချန်ပီယံလိဂ်အောင်မြင်ဖို့ ပစ်မှတ်ထားနေတာက မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“ပရိသတ်တွေက အရိုးသားဆုံးချပြစေချင်တာပါ။ တကယ်လို့ အရှိတရားက ခက်ခဲတယ်ဆိုရင် ပြောလိုက်ပါ။ ဒီအနေအထားနဲ့ ချန်ပီယံလိဂ်ဆုဖလား ပစ်မှတ်ထားနေတာက မဖြစ်နိုင်ပါဘူး။ အသင်းရဲ့လက်ရှိအခြေအနေကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကောင်းမွန်နေတယ်လို့တော့ ကျွန်တော်မမြင်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေကို အမှန်အတိုင်းချပြလိုက်ပါ”လို့ ပီကေးက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဂန္ထဝင်ဟာက အသင်းဟောင်းအနေနဲ့ လာမာစီယာ အကယ်ဒမီထွက်ကစားသမားလေးတွေကို ယုံကြည်မှုပေးရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ “တကယ်လို့ ကျွန်တော်တို့ငွေမသုံးနိုင်ဘူးဆိုရင် လာမယ့် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်ကို လာမာစီယာဘက်ကို လှည့်သင့်ပါတယ်။ ဆိုလိုချင်တာက အကယ်ဒမီထွက်ကစားသမားလေးတွေအပေါ် ယုံကြည်မှုပေးဖို့ပါ။ အဲ့ကစားသမားလေးတွေထဲမှာ အရည်အချင်းပြည့်ဝတဲ့သူတွေရှိပါတယ်။ သူတို့ကို ခေါ်လာပြီး လာလီဂါမြေမှာ အသုံးပြုဖို့ ကြိုးစားသင့်ပါတယ်။ ဘာလို့ ဟာလန်းလို ကစားသမားကိုခေါ်ယူမယ်ဆိုတဲ့မဖြစ်နိုင်တာကြီးပြောနေရတာလဲ။ ပြောဆိုတာကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဘာလုပ်နိုင်မှာလဲဗျာ။ ကျွန်တော်က ဟာလန်းကို ဥပမာပေးပြီးပြောကြားနေတာပါ။ သတင်းအမှားတွေနဲ့ ဘာမှလုပ်လို့မရပါဘူး”လို့ ပီကေးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ရီးရဲလ်အသင်းနဲ့ ၈ မှတ် ကွာဟနေပြီး လာမယ့်သောကြာနေ့မှာ မာယော့ကာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အဲ့မတိုင်ခင် ချန်ပီယံလိဂ်မှာ နာပိုလီအသင်းနဲ့ ဒုတိယအကျော့ကန်ရမှာဖြစ်ပါတယ်။