မက်ဒရစ်ဒါဘီအနိုင်ရရှိမှုအပြီး မော်ရင်ဟိုကို လှောင်ပြောင်လိုက်တဲ့ အက်သလက်တီကို
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မက်ဒရစ်ဒါဘီပွဲစဉ်အတွင်း ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ် မော်ရင်ဟိုရဲ့ဒေါသတကြီးဝေဖန်မှုတွေကို အက်သလက်တီကိုမက်ဒရစ်က လှောင်ပြောင်တုံ့ပြန်ခဲ့ပါတယ်။
အက်သလက်ကိုမက်ဒရစ် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဒါဘီပွဲစဉ်အတွင်း ပေါ်တူဂီလူမျိုးနည်းပြက ကွင်းတွင်းဆုံးဖြတ်ချက်အချို့ကို အလွန်စိတ်ပျက်နေခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက အက်သလက်တီကိုမက်ဒရစ်ကစားသမားတွေ အနီကတ်ပြစ်ဒဏ်ကျခံရမယ်လို့ သူယုံကြည်ထားတဲ့ ဖြစ်ရပ်တွေရဲ့ ပရင့်ဓါတ်ပုံတွေကို ကိုင်ဆောင်ကာ ပွဲပြီးသတင်းစာရှင်းလင်းပွဲဆီ ရောက်ရှိလာခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကတော့ အခုလို မော်ရင်ဟိုရဲ့ ထူးထူးဆန်းဆန်း ရှင်းလင်းပြသမှုပုံစံကို ဦးတည်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ကလပ်အသင်းက သတင်းစာရှင်းလင်းပွဲဆီ မော်ရင်ဟို ယူဆောင်လာခဲ့တဲ့ စာရွက်ပေါ်ရှိ သက်သေအထောက်အထားတွေကို ရည်ညွှန်းမှုအဖြစ် ပရင်တာ အီမိုဂျီတစ်ခုကို တင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ဒိုင်လူကြီးတွေကို နှောင့်ယှက်စော်ကားအပြစ်တင်နေတာတွေ အခုချက်ချင်း ရပ်တန့်ပါ" ဆိုတဲ့ ပြတ်သားတဲ့ စာသားတစ်ခုကိုပါ ဆက်လက်ဖော်ပြခဲ့ပါတယ်။
မော်ရင်ဟိုကတော့ အနီကတ်ပြသသင့်တယ်လို့ သူ ခံစားရတဲ့ ဖြစ်ရပ်နှစ်ခုကို အထူးပြုထောက်ပြဖို့အတွက် ဒီလိုပရင့်ထုတ်ထားတဲ့ ဓါတ်ပုံတွေကို ထုတ်ပြလာခဲ့တာပါ။