
တော့တင်ဟမ်အစား အာဆင်နယ်ကိုဘာကြောင့်ရွေးချယ်ခဲ့သလဲ ရှင်းပြလာတဲ့ ဟင်ကာပီ
အာဆင်နယ်နောက်ခံလူသစ် ပီရိုဟင်ကာပီက သူ့အနေနဲ့ တော့တင်ဟမ်ရဲ့စိတ်ဝင်စားမှုတွေကို လျစ်လျူရှုပြီး အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ယခုနွေရာသီအတွင်း ဟင်ကာပီကိုခေါ်ယူဖို့ အာဆင်နယ်ထက်အရင် လေဗာကူဆင်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အာဆင်နယ်က ကစားသမားကို အမိအရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အီကွေဒေါလက်ရွေးစင်ကို လောလောဆယ်မှာ တစ်ရာသီအငှားစာချုပ်နဲ့သာခေါ်ယူခဲ့ပေမယ့် ရာသီကုန်မှာတော့ ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲလို့မေးမြန်းခဲ့ရာ ဟင်ကာပီက "ကျွန်တော်ဒီကိုပြောင်းရွှေ့ဖို့ သိပ်အများကြီးမစဉ်းစားခဲ့ရပါဘူး။ ဒီကိုပြောင်းနိုင်ခဲ့တာ ကျွန်တော့်အတွက်တော့ လပေါ်မှာ လမ်းလျှောက်ရသလိုပါပဲ။ အသင်းဖော်သစ်တွေနဲ့အတူ ရာသီကောင်းတစ်ခုကို ဖန်တီးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်"
"ဒီအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူပြီး ကျွန်တော့်ရဲ့နာမည်ကို ချန်ထားခဲ့ချင်ပါတယ်။ အသင်းနဲ့အတူ ကစားခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ ဟင်ကာပီဟာ လေဗာကူဆင်အတွက် စုစုပေါင်း ၁၆၆ ပွဲအထိကစားခဲ့ပြီး ၂၀၂၃-၂၄ ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဟင်ကာပီဟာ လေဗာကူဆင်မှာ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂရာနစ်ဆာကာနဲ့ အတူတူတွဲဖက်ကစားခဲ့သူဖြစ်ပြီး အာဆင်နယ်သို့မပြောင်းခင်မှာ ဇာခါနဲ့ တိုင်ပင်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။ တောင်အမေရိကသားက "ကျွန်တော် အာဆင်နယ်အကြောင်းသူ့ကိုမေးတော့ သူက ဒီအသင်းရဲ့ အံ့ဩစရာကောင်းတဲ့အကြောင်းတွေနဲ့ သူဒီမှာနေခဲ့တဲ့အချိန်တွေမှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီအကြောင်းတွေပြောတာတော့ ကြာပါပြီ။ ဒါပေမယ့် အာဆင်နယ်နဲ့ပတ်သက်ရင် သူကအမြဲတမ်း ကောင်းတဲ့အကြောင်းပဲပြောပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဟင်ကာပီဟာ အာဆင်နယ်မှာ ကျောနံပါတ် ၅ အင်္ကျီကိုဝတ်ဆင်သွားမှာဖြစ်ပြီး အာတီတာရဲ့နောက်တန်းကို အကောင်းဆုံးအင်အားဖြည့်တင်းပေးဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။