
ဘောလုံးရာသီသစ်နဲ့အတူ ပြန်လည်လန်းဆန်းလာပြီလို့ ကြွေးကြော်လိုက်တဲ့ ဖိုဒန်
မန်စီးတီးရဲ့ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲထွက်လာခဲ့ပြီး ပွဲအစ ၂ မိနစ်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖိုဒန်က အကောင်းဆုံးပုံစံပြန်ရအောင် လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာခဲ့ပါတယ်။ မော်ရိုကိုကလပ် ဝိုင်ဒက်အေစီကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ဖိုဒန်က အဖွင့်ဂိုးသွင်းယူခဲ့သလို ဒိုကူရဲ့ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ရည်ကြောင့်ပဲ အင်္ဂလန်လက်ရွေးစင်က ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။ ပွဲစဉ်အပြီး DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ဖိုဒန်က “ ဘောလုံးရာသီသစ်ကြောင့် ကျွန်တော် လန်းဆန်းလာပါပြီ”လို့ ကြေညာခဲ့ပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဖိုဒန်က ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူက “ ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖြစ်လာဖို့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားသွားပါမယ်။ ပွဲစဉ်တိုင်းမှာလည်း အခုလိုပုံစံမျိုးစွမ်းဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီပြိုင်ပွဲကို နိုင်ပွဲနဲ့စတင်ရလို့ ပျော်ရွှင်မိပါတယ်။ နေ့အပူချိန်ကြောင့်တော့ အခက်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့တွေ ဒီလိုနေ့အပူချိန်မျိုးနဲ့ အသားမကျပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ဘောလုံးကိုထိန်းကစားသွားရပါမယ်။ စွမ်းဆောင်ရည်ကောင်းခဲ့သလို အနိုင်သုံးမှတ်လည်းရရှိလို့ ပျော်ရွှင်မိပါတယ်”လို့ ဆက်ပြောပါတယ်။
ပက်ဂွါဒီယိုလာရဲ့အသင်းက ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမယ့် အုပ်စုအပိတ်ပွဲစဉ်မတိုင်ခင် ယူအေအီးကလပ် အယ်လ်အိန်းနဲ့ ယှဉ်ပြိုင်ကစားဖို့ အတ္တလန်တာမြို့ဆီ ခရီးထွက်ခွာပါလိမ့်မယ်။