
အပြောင်းအရွှေ့အတွက် ငွေကြေးရရှိစေဖို့ ကစားသမား ၈ ဦးအထိ ရောင်းချမယ့် ဂွါဒီယိုလာ
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ မန်စီးတီးအတွက် စိတ်ပျက်ဖွယ်ရာရာသီတစ်ခုဖြစ်နေပြီး ချန်ပီယံလိဂ်ပလေးအော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ဘာနေဗျူးက ပွဲကို တစ်ဂိုးလျော့ဖြင့် ကစားခဲ့ရတဲ့သော်လည်း ဒုတိယအကျော့မှာ အန်ဆယ်လော့တီရဲ့ အသင်းကို စပိန်တွင် ၃-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနှင့် ၁၇ မှတ် ကွာခြားနေတဲ့ မန်စီးတီးဟာ ချန်ပီယံဘွဲ့ကို ကာကွယ်ရန် မျှော်လင့်ချက်တွေကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲတွင် ရှိနေသေးသော်လည်း ၎င်းတို့၏ ဦးစားပေးမှာမှာ ချန်ပီယံလိဂ်အတွက် ထိပ်ဆုံး ၄ နေရာအတွင်း ရပ်တည်ရန်ဖြစ်ပြီး ၁၅ နှစ် ဆက်တိုက် ချန်ပီယံလိဂ်ပါဝင်ခွင့်ကို အာမခံရန် အတွက်ဖြစ်ပါတယ်။
ပွဲတော်ကာလပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးဟာ ပေါင် သန်း ၁၈၀ အသုံးပြုကာ ကစားသမား ၅ ဦးကို ဝယ်ယူခဲ့ပါတယ်။ သို့သော် Daily Star ရဲ့ဖော်ပြချက်အရ နွေရာသီတွင် ထပ်မံငွေကြေးသုံးစွဲရန် အသင့်ရှိပြီး အပြောင်းအရွှေ့အတွက် ရန်ပုံငွေရရှိရန် စီနီယာကစားသမားများစွာကို ရောင်းချနိုင်တယ်လို့ သိရပါတယ်။ အသင်းခေါင်းဆောင် ဝေါ်ကာကို အေစီမီလန်သို့ ၆ လကြာ အငှားချခဲ့ပြီး နွေရာသီတွင် အပြီးသတ်ရောင်းချနိုင်ပါတယ်။
အခြားသော အသက် ၃၀ ကျော်ကစားသမားများဖြစ်တဲ့ ဘာနန်ဒိုဆေးလ်ဗား၊ ကိုဗာဆစ် နှင့် အီဒါဆင် တို့သည်လည်း ထွက်ခွာနိုင်ပါတယ်။ ဂိုးသမား အီဒါဆင်ကို ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီအာရေးဗျကလပ်များက ချိတ်ဆက်ခဲ့ကြပါတယ်။ ဂျွန်စတုန်းရဲ့ ဒဏ်ရာမှတ်တမ်းက ပိုမိုဆိုးရွားလာခဲ့ပြီး သူသည်လည်း အသင်းမှ ထွက်ခွာနိုင်ပါတယ်။ ဂန်ဒိုဂန်ရဲ့ ဘာစီလိုနာမှ မန်စီးတီးသို့ ပြန်လည်ရောက်ရှိမှုကလည်း အောင်မြင်မှုမရှိခဲ့သဖြင့် နွေရာသီတွင် ထွက်ခွာနိုင်ပါတယ်။
ထူးခြားတဲ့ထွက်ခွာမှုကတော့ ဒီဘရိုင်း ဖြစ်နိုင်ပါတယ်။ သူဟာ ဂွါဒီယိုလာရဲ့လက်ထက် အကောင်းဆုံးလက်ရွေးစင်တွေထဲမှ တစ်ဦးဖြစ်သော်လည်း လက်ရှိစာချုပ်တွင် ၄ လကျော်သာ ကျန်ရှိနေပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ မကြာသေးမီနှစ်များတွင် ကျန်းမာရေးပြဿနာများရှိခဲ့ပြီး သူ့ရဲ့ထွက်ခွာမှုကြောင့် လေဗာကူဆင်က ဖော်ရီယန်ဝစ်ဇ်အား ဝယ်ယူရန် ငွေကြေးကို အတိုင်းတာတစ်ခုအထိ ရရှိစေမှာပါ။
နောက်ဆုံးထွက်ခွာနိုင်သူကတော့ ဂရီးလစ်ချ်ဖြစ်ပါတယ်။ သူကို ၂၀၂၁ ခုနှစ်တွင် ပေါင် သန်း ၁၀၀ ဖြင့် ဝယ်ယူခဲ့သော်လည်း မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလတွင် အသက် ၃၀ ပြည့်မယ့် အင်္ဂလန်လက်ရွေးစင်ဟာ ယခုရာသီ လိဂ်တွင် ဂိုးမသွင်းနိုင်သေးဘဲနှစ်သစ်ကူးပြီးနောက် မန်စီးတီး အတွက် ၂ ပွဲသာ ပွဲထွက်ကစားခဲ့ပါတယ်။
နွေရာသီတွင် ကစားသမားများ ထပ်မံဝယ်ယူရန် ရည်ရွယ်ထားတဲ့ မန်စီးတီးဟာ ဇန်နဝါရီလတွင် ဂျူဗင်တပ်စ်မှ ဝယ်ယူရန် ကြိုးစားခဲ့တဲ့အတိုင်း အန်ဒရာ ကမ်ဘီယာဆိုကို ထပ်မံကြိုးစားနိုင်ပါတယ်။ ထို့အပြင် မန်စီးတီးဟာ ဗယ်လာဒိုးလစ်မှ လူငယ်ခံစစ်မှူး ဂျူမာဘက်အား ဝယ်ယူရန် ကြိုးစားနိုင်ပါတယ်။