ဗီလာကိုရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်က အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်စွမ်းရှိသေးကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ပရီးမီယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့အဓိကဆုဖလားပြိုင်ဘက် အာဆင်နယ်ဟာ အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ခဲ့တာကြောင့် အမှတ်တွေလျော့ခဲ့ပေမယ့် အမှတ်ပေးဇယားကို ကာလရှည်ဦးဆောင်နိုင်စွမ်းရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။
တစ်ဖက်မှာမန်စီးတီးကတော့ ဆန်းဒါးလန်းကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အာဆင်နယ်နဲ့ကြားက ရမှတ်ကွာဟချက်ကို ၂ မှတ်အထိ ချုံ့ပစ်နိုင်ခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့်အာဆင်နယ်ဟာ အသင်းရဲ့ ၁၈ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကလည်း ရပ်တန့်သွားခဲ့ရပါတယ်။
ယခုအခါမှာ ဂွါဒီယိုလာက မန်စီးတီးအနေနဲ့ အာဆင်နယ်ကို ဆက်လက်ဖိအားပေးကစားနိုင်ဖို့အတွက် တသမတ်တည်းဖြစ်တဲ့ စွမ်းဆောင်ရည်မျိုးကိုပြသဖို့လိုအပ်ကြောင်းပြောကြားခဲ့ပြီး အာဆင်နယ်အနေနဲ့လည်း အမှားခံတော့မှာမဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
စပိန်သားနည်းပြက "လိဂ်ရဲ့ထိပ်ဆုံးနေရာနဲ့ ဝေးကွာနေတာထက် နီးကပ်နေတာကပိုပြီးတော့ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံအရတော့ ကျွန်တော်လေကြီးပြီးပြောတာမဟုတ်ပါဘူး။ ကျွန်တော့်မှာ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖူးတဲ့အတွေ့အကြုံရှိပါတယ်။ အဲဒါကတော့ တသမတ်တည်းဖြစ်မှုပါပဲ။ တသမတ်တည်းဖြစ်နေဖို့အဓိကလိုအပ်ပြီး အသင်းက ၂ မှတ်လျော့လိုက်၊ ၆ မှတ်လောက်ဆက်တိုက်တက်သွားလိုက်၊ ၃ မှတ်ပြန်လျော့လိုက်နဲ့ဆိုတဲ့ အခြေအနေကိုပြောတာမဟုတ်ပါဘူး။ တစ်နှစ်တာမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲဆိုတာကို ခြုံကြည့်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။