The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာကြောင့် ကူဒက်စ် ဧပြီလအထိ အနားယူရနိုင်တယ်လို့ ဖရန့်ခ်အတည်ပြု

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား မိုဟာမက်ကူဒက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆန်းဒါးလန်းနဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဧပြီလအထိ အနားယူသွားရမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အသက်-၂၅ နှစ်အရွယ် ဂါနာလက်ရွေးစင်ဟာ ယခုရာသီမှာ တော့တင်ဟမ်ရဲ့ တိုက်စစ်ကို အဓိကနေရာကနေကူညီပံ့ပိုးပေးနေသူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၉ ပွဲကစားထားရာမှာ ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ပေးထားပါတယ်။ ကူဒက်စ်အနေနဲ့ ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်နဲ့ထိခိုက်မိခဲ့ခြင်းမရှိဘဲ သူ့ဘာသာဒဏ်ရာရရှိသွားခဲ့တာဖြစ်လို့ တော့တင်ဟမ်အတွက် ပေးဆပ်မှုကြီးမားခဲ့ရပါတယ်။

ယခုအခါမှာ ဖရန့်ခ်က "ကူဒက်စ်က မတ်လ နိုင်ငံတကာပွဲစဉ်တွေနားပြီးမှပဲ ပြန်လာနိုင်မယ်လို့ထင်ပါတယ်။ ဧပြီလလောက်မှာ သေချာပေါက်ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။  မတ်လအတွင်း နိုင်ငံတကာပွဲစဉ်တွေရှိတာကြောင့် ကလပ်အသင်းတွေဟာ မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ နားရက်ရသွားမှာဖြစ်ပြီး ကူဒက်စ်အနေနဲ့ အဆိုပါကာလတွေအတွင်း ကြံ့ခိုင်မှုပြန်လည်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဖရန့်ခ်က အသင်းရဲ့ကွင်းလယ်လူ လူးကပ်စ်ဘာ့ဂ်ဗောလ်နဲ့ ရိုဒရီဂိုဘန်တန်ကာတို့ရဲ့ ဒဏ်ရာခြေအနေတွေနဲ့ပတ်သက်ပြီး "ဘာ့ဂ်ဗောလ်ကို ဒီနေ့မှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဘန်တန်ကာလည်းအတူတူပါပဲ။ ဘန်တန်ကာက တံကောက်ကြောဒဏ်ရာရရှိထားတာဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာက အတော်လေးပြင်းထန်ပုံရပါတယ်။ ဘယ်လောက်အထိအနားယူရနိုင်သလဲဆိုတာ တိတိကျကျမသိရသေးပါဘူး" လို့ပြောကြားခဲ့တယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်ဟာ အက်ဖ်အေဖလား  တတိယအဆင့်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။