The network connection is lost.

Banner Image

မန်စီးတီးမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကို အရှုံးပေးသွားမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့အနေနဲ့ လက်ရှိအသင်းမှာ ကြုံတွေ့နေရတဲ့ နည်းပြဘဝတစ်လျှောက် အဆိုးဝါးဆုံးအခက်အခဲတွေကို လက်လျှော့အရှုံးပေးဖို့အစီစအစဉ်မရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ပြိုင်ပွဲစုံမှာရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ထားရပြီး ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ပင် ရုန်းကန်နေရပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ၉ ပွဲမှာ ရမှတ် ၅ မှတ်သာစုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယားအောက်ခြေက လက်စတာနဲ့ ဆောက်သမ်တန်တို့ထပ်တောင် စွမ်းဆောင်ရည်ကျဆင်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာအထိကျဆင်းသွားခဲ့ပြီး အဆင့် ၄ နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ ရမှတ် ၆ မှတ်အထိကွာဟနေတာလည်းဖြစ်ပါတယ်။ အခုလို ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့ကြားမှာ မန်စီးတီးဟာ ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် နောက်တန်းမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ မန်စီးတီးဟာ လာမယ့်လက်စတာနဲ့ပွဲစဉ်မှာလည်း နာသန်အကီ၊ ကိုင်လ်ဝေါ်လ်ကာ၊ ရူဘင်ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ဂိုးသမား အီဒါဆန်တို့မပါဝင်ဘဲ ကစားသွားရဦးမှာဖြစ်ပါတယ်။
 
သို့သော်လည်း ဂွါဒီယိုလာကတော့ “ကျွန်တော်ဆက်ကြိုးစားနေဦးမှာပါ။ တစ်ခါတလေမှာ အခြေအနေတွေကို တိုးတက်လာတယ်လို့ထင်ပေမယ့် အချိန်တော့ပေးရပါတယ်။ ကျွန်တော်အရှုံးပေးမှာမဟုတ်ပါဘူး။ ဒီအသင်းမှာဆက်နေချင်ပါသေးတယ်။ အခု ကျွန်တော်တို့ လက်စတာနဲ့ပွဲအတွက် ပြင်ဆင်ထားပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့လူစာရင်းနဲ့ဆိုရင် ပိုခက်မယ်ဆိုတာသိပေမယ့် ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ အီတီဟတ်သို့ရောက်ရှိလာခဲ့တဲ့ ဂွါဒီယိုလာက အခုလိုခက်ခဲတဲ့အခြေအနေတွေကို အကြီးမားဆုံးစမ်းသပ်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။ စပိန်သားက “အကြီးမားဆုံးစမ်းသပ်မှုက ပြန်လည်ရောက်ရှိလာပါပြီ။ အရင်တုန်းကလည်း ဒီလိုမျိုးကြုံတွေ့ခဲ့ဖူးပါတယ်။ အရင်လိုပဲ ကျော်ဖြတ်နိုင်မယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ မန်စီးတီးအနေနဲ့ တနင်္ဂနွေနေ့မှာတော့ လက်စတာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးနိုင်ပွဲပြန်လည်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။