
ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရဖို့ ၁ ရာခိုင်နှုန်းသာအခွင့်အရေးရှိနေတယ်လို့ ဆိုလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့က ၁ ရာခိုင်နှုန်းသာ အခွင့်အရေးရှိနေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဥရောပထိပ်သီးကလပ် ၂ ခုဖြစ်တဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ခဲ့ကြခြင်းမရှိလို့ ပလေးအော့ဖ်ပွဲစဉ်တွေကစားဖို့ လိုအပ်ခဲ့ပြီး ၂ သင်း ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ခဲ့တဲ့ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာတော့ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် အဆုံးမှာတော့ နောက်ကျသွင်းဂိုးတွေပြန်လည် ခွင့်ပြုခဲ့ရပြီး ၂-၃ နဲ့ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို အနည်းဆုံး ၂ ဂိုးပြတ်အနိုင်ရဖို့လိုအပ်နေပေမယ့် ဆန်တီယာဂိုဘာနေဗျူးမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ အခွင့်အရေးအတော်နည်းနေတယ်လို့ ဆိုရပါမယ်။
ဂွါဒီယိုလာက "ဒီလိုအခြေအနေမှာ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာအနိုင်ယူဖို့က အတော်လေးခက်ခဲပါတယ်။ ပွဲမတိုင်ခင် မန်စီးတီးအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာအနိုင်ရဖို့ ဘယ်လောက်ရာခိုင်နှုန်းရှိသလဲလို့မေးရင် လူတိုင်းက ကျွန်တော်တို့မှာ ၁ ရာခိုင်နှုန်းလောက်ပဲရှိမယ်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အရေးရှိနေသေးလို့ အတတ်နိုင်ဆုံးတော့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ အသင်းရဲ့အဓိကနောက်ခံလူတွေဖြစ်တဲ့ ရူဘင်ဒီးယက်စ်နဲ့ နာသန်အကီတို့မပါဝင်ဘဲ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ အဆိုပါကစားသမား ၂ ဦးစလုံးဟာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ ယူဆထားပေမယ့် နောက်ထပ် နောက်ခံလူတစ်ဦးဖြစ်တဲ့ မန်နူရယ်အကန်ဂျီကတော့ လွဲချော်သွားမှာဖြစ်ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "ဒီယက်စ်နဲ့အကီတို့ ပြန်ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ကတော့ သူတို့ကစားဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ဒီးယက်စ်က ပွဲချိန်ပြည့်ကစားဖို့ အဆင်သင့်မဖြစ်ခဲ့သလို၊ အကီကိုတော့ ကျွန်တော့်အနေနဲ့ စွန့်စားမှုမယူချင်လို့ ချန်လှပ်ခဲ့တာပါ။ နယူးကာဆယ်ကို ၄-၀ နဲ့နိုင်ခဲ့တာက အသင်းအတွက် တွန်းအားတစ်ခုဖြစ်လာစေပြီး မက်ဒရစ်ကိုသွားဖို့ စိတ်ဓာတ်ခွန်အားရစေနိုင်ပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်သွားဦးမလဲ ဆက်လက်စောင့်ကြည့်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်နဲ့ပွဲစဉ်မှာ မန်စီးတီးရဲ့ အဓိကတိုက်စစ်မှူး အာလင်းဟာလန်းကလည်း ပွဲပြီးကာနီးမှာ ဒဏ်ရာရသွားခဲ့ပုံပေါ်ပြီး လူစားလဲခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲကိုတော့ လွဲချော်သွားဖို့မရှိပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ၁ ပတ်လုံးအနားယူနေခဲ့ရတဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ကလည်း မက်ဒရစ်သို့ထွက်ခွာမယ့် အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ရှိပါတယ်။
စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ဂိုးပြတ်နိုင်ပွဲရထားပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ လာလီဂါမှာ အိုဆာဆူနာကို ၁-၁ နဲ့သရေကျထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကားလို့စ်အန်ဆယ်လော့တီရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာနိုင်ပွဲပြန်လည်ရရှိဖို့ အတတ်နိုင်ဆုံးကြိုးစားသွားဖို့ရှိနေပါတယ်။