The network connection is lost.

Banner Image

အပြောင်းအရွှေ့ပိတ်ပင်မှုစိုးရိမ်စိတ်တွေကြောင့် ဇန်နဝါရီလအတွင်း မန်စီးတီးငွေသုံးစွဲခဲ့တယ်ဆိုတဲ့အမြင်ကို ငြင်းဆန်လိုက်တဲ့ ပက်ဂွါဒီယိုလာ

အပြောင်းအရွှေ့ပိတ်ပင်ခံရမှုနဲ့ပတ်သက်တဲ့ ကလပ်အသင်းအတွင်း စိုးရိမ်မှုတွေက မန်စီးတီးအသင်းရဲ့ဇန်နဝါရီကစားသမားသစ်ခေါ်ယူမှုတွေအတွက် တွန်းအားဖြစ်စေခဲ့တယ်ဆိုတဲ့ အမြင်ကို ပက်ဂွါဒီယိုလာကိုယ်တိုင် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

မန်စီးတီးအသင်းက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အိုမာမာမွတ်၊ ခူဆာနော့ဗ်၊ ဗစ်တာရီးစ်နဲ့ နီကိုဂွန်ဇာလက်ဇ်တို့အတွက် ပေါင် ၁၇၅ သန်းအထိ သုံးစွဲခဲ့ပြီး အခြားပရီးမီးယားလိဂ်ပြိုင်ဘက်တွေထက် ကုန်ကျစရိတ်ပိုများခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘီလ်ဘာအိုရဲ့လာပေါ်တေးကို ခေါ်ယူပြီးနောက်ပိုင်း ပက်ဂွါဒီယိုလာရဲ့အသင်းက ဆောင်းရာသီဈေးကွက်ကို သတိထားချဉ်းကပ်လေ့ရှိပေမယ့် အခုအချိန်မှာတော့ ငွေလုံးငွေရင်းပမာဏကြီးကြီးမားမား သုံးစွဲခဲ့ပါတယ်။

ပက်ဂွါဒီယိုလာကတော့ ပထမရာသီဝက်ကာလမှာ အသင်းကိုထိခိုက်စေခဲ့တဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဇန်နဝါရီလအတွင်း ငွေကြေးသုံးစွဲခဲ့ရတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့အသုံးစရိတ်ဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရပါက အပြောင်းအရွှေ့ပိတ်ပင်မှုဆိုတဲ့ပြစ်ဒဏ်ကလည်း တစ်ခုအဖြစ် ပါဝင်လာနိုင်တဲ့ စိုးရိမ်မှုကြောင့် ကစားသမားသစ်များစွာကို မန်စီးတီးအသင်းခေါ်ယူခဲ့တယ်ဆိုတဲ့ ထင်ကြေးတွေလည်း မရပ်တန့်သွားခဲ့ပါဘူး။

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ကျွန်တော်ကတော့ ဒီအမြင်ကို သဘောမတူနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့စကားလုံးတွေက ကျွန်တော်တို့အသင်း ချမ်းသာတဲ့အနေအထားမှာ ရှိနေတယ်လို့ မြင်နေသူတွေကို ဆွဲဆောင်စည်းရုံးနိုင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ငါးနှစ်တာကာလအတွင်း ကျွန်တော်တို့အသင်းက Top 6 မှာ အသားတင်အသုံးစရိတ်အနည်းဆုံး ဖြစ်ပါတယ်။

အခုအပြောင်းအရွှေ့ဈေးကွက်အတွင်း အသုံးစရိတ်တွေ ရှိခဲ့တယ်ဆိုရင်တောင် ကျွန်တော်တို့က ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ တော့တင်ဟမ်တို့နဲ့ အဝေးမှာ ရှိနေပါသေးတယ်။ လီဗာပူးနဲ့ မတိမ်းမယိမ်းပါပဲ။ ဒီအတွက် တစ်ခုတည်းသောအကြောင်းပြချက်က ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ကစားသမားများစွာကို ရောင်းချခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းဘက်ကလည်း ငွေကြေးကို စိစစ်မျှတစွာသုံးစွဲတယ်ဆိုတာ ကျွန်တော်သိပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးအပေါ် စွဲဆိုထားတဲ့ ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုနဲ့ပတ်သက်လို့ ကြားနာမှုတွေကို စက်တင်ဘာလအတွင်း စတင်ခဲ့ပြီး ဒီဇင်ဘာလမှာ အဆုံးသတ်ခဲ့ပါတယ်။ ပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုရင်တော့ ဒဏ်ငွေမှစပြီး ရမှတ်လျှော့ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ပက်ဂွါဒီယိုလာကတော့ တစ်လအတွင်း စီရင်ချက်ချမှတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူက “တစ်လလောက်အတွင်း စီရင်ချက်ချမှတ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အခုဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့အမြင်ကို ကြားသိရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကလပ်အသင်းတိုင်းက သူတို့လုပ်ချင်ရာကို လုပ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကျွန်တော်တို့အသင်းက အသားတင်အသုံးစရိတ်အများဆုံးစာရင်းမှာ တတိယနေရာလိုက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာတော့ ကျွန်တော်တို့ရဲ့အသုံးစရိတ်က Top 6 အသင်းတွေအနက် နောက်ဆုံးနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်ဘက်က မှတ်ချက်မပေးနိုင်ပါဘူး။ အဲ့ဒါက ကျွန်တော် သဘောမတူရခြင်းရဲ့ အကြောင်းပြချက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။