ထိတ်လန့်ဖွယ်ပွဲဦးထွက်အပြီး အမြန်ဆုံးပြန်ရုန်းထလာဖို့ ကူဆာနော့ဗ်ကို အားပေးလိုက်တဲ့ ပက်ဂွါဒီယိုလာ
အသင်းလိုက်လေ့ကျင့်ခန်းအနည်းငယ်သာပြုလုပ်ပြီး ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ကို မန်စီးတီးကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်အဖြစ် အထိတ်တလန့်ပါဝင်ကစားပြီးနောက် ကူဆာနော့ဗ်ကို အမြန်ဆုံးရုန်းထလာဖို့ ပက်ဂွါဒီယိုလာက အားပေးတိုက်တွန်းခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာပဲ ပေါင် ၃၄ သန်းတန် သဘောတူညီမှုဖြင့် လန်းစ်မှ မန်စီးတီးဆီ ပြောင်းရွှေ့လာတဲ့ အသက်-၂၀ နှစ်အရွယ် ဥဇဘက်ကစ္စတန်ခံစစ်ကစားသမားက အသင်းသစ်နဲ့ လေ့ကျင့်ခန်းအနည်းငယ်သာ ပြုလုပ်ခဲ့ရပေမယ့် အီတီဟတ်ကွင်းပွဲစဉ်အတွက် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲအစ သုံးမိနစ်မှာပဲ ကူဆာနော့ဗ်ရဲ့ဂိုးသမားဆီခေါင်းတိုက်ပေးပို့ပုံအမှားမှတဆင့် ဂျက်ဆန်ဘောလုံးရရှိသွားကာ မာဒူကီဆီ ဖန်တီးပေးခဲ့ပြီး မာဒူကီက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း ဥဇဘက်ကစ္စတန်လူငယ်လက်ရွေးစင်ရဲ့အမှားတွေ ဆက်ရှိနေခဲ့ပြီး ပယ်လ်မာအပေါ် ကစားပုံကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်ရဲ့အဝါကတ်ပြစ်ဒဏ်လည်း ခံယူရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အနီကတ်ပြစ်ဒဏ်ဖြစ်သင့်သလားဆိုပြီး VAR စစ်ဆေးမှုရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုသာ အတည်ပြုသွားခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ ပက်ဂွါဒီယိုလာက ကူဆာနော့ဗ်ကို ပွဲထွက်ခွင့်ပေးခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောကြားခဲ့ပြီး အခုလိုအခိုက်အတန့်တွေမှတဆင့် ကစားသမားကိုယ်တိုင် သင်ခန်းစာတွေ ရယူသွားရလိမ့်မယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ခူဆာနော့ဗ်အတွက် မလွယ်ကူခဲ့ပါဘူး။ သူက လေ့ကျင့်ခန်းတစ်ကြိမ်သာ ဆင်းခဲ့ရပြီး ဂျက်ဆန်၊ ပယ်လ်မာ၊ မာဒူကီ၊ ဆန်ချိုတို့နဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ ဒါက လူငယ်ကစားသမားတစ်ဦးကို ခေါ်ယူလိုက်ချိန် ဖြတ်သန်းရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သူလည်း သင်ယူသွားရပါလိမ့်မယ်။ ဒီလိုအခိုက်အတန့်တွေဆီမှပဲ အကောင်းဆုံးသင်ခန်းစာတွေကို ရယူနိုင်ပါတယ်”လို့ ပြောပါတယ်။
ချဲလ်ဆီးရဲ့အဖွင့်ဂိုးမှာ ကူဆာနော့ဗ်ရဲ့အမှားအတွက် ကစားသမားနဲ့တိုက်ရိုက်ဖြေရှင်းခဲ့သလားဆိုတဲ့ မေးခွန်းကို မန်စီးတီးနည်းပြက ဘာသာစကားအခက်အခဲကြောင့် ချက်ချင်းဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် အဟန့်အတားဖြစ်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
“ကူဆာနော့ဗ်က အင်္ဂလိပ်စကားမပြောတတ်လို့ ကျွန်တော်လည်း သူနဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ သူ အဆင်ပြေလာပါလိမ့်မယ်။ သူက လေ့ကျင့်ရေးအစီအစဉ် တစ်ခု၊ နှစ်ခုလောက်ပဲ လုပ်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဗုဒ္ဓဟူးနေ့၊ ဘရုဂျက်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်နဲ့အတူ ဒဏ်ရာပြန်သက်လာတဲ့ ဂျွန်စတုန်းစ်ကို တွန်းအားမပေးချင်ခဲ့ပါဘူး။ ကစားသမားတွေ အတူတူရှိနေခဲ့ပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ ဘယ်ကစားသမားမဆို အမှားတစ်ခုတော့ ပြုလုပ်မိနိုင်ပါတယ်။
ပရိသတ်တွေကလည်း ကစားသမားသစ်တွေကို အမြဲတမ်းအားပေးထောက်ခံကြပါတယ်။ သူက အရမ်းငယ်ပါသေးတယ်။ သင်ယူသွားရပါလိမ့်မယ်”လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ အခုလိုဆုတ်ယုတ်မှုတစ်ခုရှိခဲ့ပေမယ့် မန်စီးတီးက ဂျီဗာဒီအောလ်၊ ဟာလန်း၊ ဖိုဒန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးကို အနိုင်ယူကာ ကြားရက်၊ ပါရီမြေရှုံးနိမ့်မှုမှ အမြန်ဆုံးပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကို အနိုင်ယူပြီးနောက် ယုံကြည်မှုတွေတိုးပွားလာတဲ့ မန်စီးတီးအသင်းက လာမယ့်ဗုဒ္ဓဟူးနေ့၊ သေရေးရှင်ရေးတမျှအရေးကြီးလှတဲ့ ဘရုဂျက်နဲ့ချန်ပီယံလိဂ်ပွဲစဉ်ဆီ အာရုံစိုက်သွားရပါလိမ့်မယ်။ ဒီပွဲစဉ်အပြီး သူတို့တွေက ဖေဖော်ဝါရီ ၂ ရက်မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကို ဆင်နွှဲရပါဦးမယ်။