
အကန်ဂျီရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူသွားရမယ်လို့ ဂွါဒီယိုလာ အတည်ပြု
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒဏ်ရာရရှိထားတဲ့ အသင်းရဲ့နောက်ခံလူ မန်နူရယ်အကန်ဂျီဟာ ခွဲစိတ်ကုသမှုခံယူသွားရမှာဖြစ်လို့ ရက်သတ္တပတ် ၁၀ ပတ်ခန့်အနားယူသွားရမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ အကန်ဂျီဟာ ယခုတစ်ပတ်အတွင်း ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပြီး ရီကိုလူးဝစ်က အစားထိုးဝင်ရောက်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဂွါဒီယိုလာက အကန်ဂျီရဲ့ဒဏ်ရာဟာ ကြွက်သားဒဏ်ရာဖြစ်ကြောင်းနဲ့ ဆေးစစ်မှုခံယူသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကစားသမားဟာ ရက်သတ္တပတ် ၁၀ ပတ်ခန့်အထိ အနားယူသွားရနိုင်တယ်လို့သိရပါတယ်။
နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “အကန်ဂျီရဲ့ဒဏ်ရာက ပြင်းထန်ပါတယ်။ ၈ ပတ်ကနေ ၁၀ ပတ်လောက်အထိ အနားယူသွားရမယ်ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့် ဆွစ်ဇာလန်လက်ရွေးစင်ဟာ ဧပြီလမတိုင်ခင်အထိ အနားယူသွားရဖို့ရှိနေပြီး မန်စီးတီးရဲ့အရေးပါတဲ့ပွဲစဉ်အချို့ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။ မန်စီးတီးဟာ မကြာမီရက်သတ္တပတ်အချို့မှာ နယူးကာဆယ်၊ ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ကလည်း ဒဏ်ရာရရှိထားတယ်လို့ ဂွါဒီယိုလာကဆိုပါတယ်။ စပိန်သားက “ဂရီးလစ်ရှ်ရဲ့ဒဏ်ရာက အကန်ဂျီလောက်တော့မဆိုးပါဘူး။ ဒါပေမယ့် မနက်ဖြန် နယူးကာဆယ်နဲ့ပွဲမှာ အဆင်သင့်ဖြစ်မလားမသိရသေးပါဘူး။ လာမယ့်နာရီအနည်းငယ်အတွင်းမှာ ဒဏ်ရာကို အကဲဖြတ်ကြည့်ရဦးမှာပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ မန်စီးတီးဟာ အသင်းရဲ့နောက်တန်းကို အဓိက အင်အားဖြည့်တင်းခဲ့ပြီး ကူဆာနော့ဗ်နဲ့ ဗစ်တာရီးစ်တို့ကို ခေါ်ယူထားခဲ့ပါတယ်။ ယခုအခါမှာ အကန်ဂျီဒဏ်ရာရသွားတာကြောင့် အဆိုပါကစားသမား ၂ ဦးအနေနဲ့ မန်စီးတီးရဲ့နောက်တန်းပိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လာနိုင်ဖို့ရှိနေပါတယ်။
ပြည်တွင်းပရီးမီးယားလိဂ်မှာသာမက ဥရောပပြိုင်ပွဲတွေမှာပါ ပွဲကြပ်တွေနဲ့ကြုံတွေ့နေရတဲ့မန်စီးတီးအတွက် အကန်ဂျီရဲ့ဒဏ်ရာက သိသာထင်ရှားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ချေရှိပါတယ်။ စနေနေ့မှာ နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမယ့် မန်စီးတီးဟာ လာမယ့်ကြာသပတေးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။