The network connection is lost.
သံသယဖြစ်ဖွယ် လောင်းကစားခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဝက်စ်ဟမ်း ကွင်းလယ်လူကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ဘက်က စွဲချက်တင်ထားပေမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲဝင် အသင်းလူစာရင်းမှာ ပါကွီတာ ဆက်ရှိနေလိမ့်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်(CBF)က ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ လာမယ့်လအတွင်း မက္ကဆီကို၊ အမေရိကန်တို့နဲ့ ကစားရမယ့် ခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေတဲ့ ဘရာဇီးအသင်းလူစာရင်းမှာ ပါကွီတာဆက်ရှိနေဖို့ မဆုံးဖြတ်ခင် အက်ဖ်အေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ CBF က ဆိုပါတယ်။
CBF ရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ “အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပေးပို့လာတဲ့ အချက်အလက်တွေအပြင် ဥပဒေဆိုင်ရာကျွမ်းကျင်ဌာနတွေရဲ့ သဘောထားမှတ်ချက်တွေကိုပါ ထည့်သွင်းသုံးသပ်ရင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပါကွီတာကို အသင်းမှာ ဆက်ရှိနေဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်၊ ပရီးမီးယားလိဂ်ပွဲစဉ်လေးခုမှာ အဝါကတ်ရယူဖို့ ရည်ရွယ်ချက်ရှိရှိ ပြုမူလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ယူဆချက်တွေနဲ့အတူ ပါကွီတာကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က လွန်ခဲ့တဲ့သီတင်းပတ်အတွင်း စွဲချက်တင်ခဲ့ပါတယ်။ ဒီစွဲချက်တွေအပေါ် ဇွန် ၃ ရက်မတိုင်ခင် တုံ့ပြန်ခွင့်ရှိနေတဲ့ အသက်-၂၆ နှစ်အရွယ် ကစားသမားက ဘာအမှားမှမကျူးလွန်ခဲ့ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။
CBF ရဲ့ ထုတ်ပြန်ချက်မှာ “ အက်ဖ်အေဘက်မှ ပေးပို့လာတဲ့ အချက်အလက်တွေအရ ပါကွီတာကို စွဲချက်တင်ထားတာ မှန်ကန်ပေမယ့် သူ့အပေါ် ယနေ့အထိ ပြစ်မှုထင်ရှားစီရင်ထားတာမျိုးမရှိသေးပါဘူး။ ဒါကြောင့် ကစားသမားဟာ သူရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ပြောရပါလိမ့်မယ်။ သူ့ရဲ့ခွန်အားနဲ့ အရင်းအမြစ်တွေကို အကန့်အသတ်မရှိ၊ အပြည့်ဝဆုံးပုံစံနဲ့ ကလပ်အသင်းအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပဲဖြစ်ဖြစ် အသုံးချပိုင်ခွင့်ရှိနေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။