The network connection is lost.

Banner Image

အက်ဖ်အေကို တရားပြန်စွဲဖို့ စီစဉ်နေတဲ့ ပါကွီတာ

ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် လူးကပ်စ်ပါကွီတာက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဟာ သူ့ကို မတရားစွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာကြောင့် ယခုအခါမှာ ပြန်လည်တရားစွဲဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပါကွီတာဟာ ဘောလုံးလောင်းကစားပြုလုပ်ဖို့ ပွဲစဉ်တွေမှာ တမင်သက်သက်အဝါကတ်ပြသခံခဲ့တယ်လို့ အက်ဖ်အေက စွပ်စွဲခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာတော့ ကစားသမားဟာ အပြစ်မရှိကြောင်း ကြေညာပြီး စွပ်စွဲမှုတွေကိုပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ သို့သော်လည်း အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရတဲ့ ပါကွီတာအတွက် နစ်နာမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပြီး အသင်းသစ်သို့ပြောင်းရွှေ့နိုင်ရေးကိစ္စတွေမှာလည်း အကြပ်အတည်းတွေကြုံတွေ့ခဲ့ရပါတယ်။ 

အခုလို မတရားစွပ်စွဲမှုနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ကော်မရှင်အဖွဲ့တစ်ခုက အက်ဖ်အေမှာ ချို့ယွင်းချက်တွေရှိနေပြီး ပါကွီတာရဲ့အမှုကို ကိုင်တွယ်ရာမှာ လိုအပ်ချက်တွေရှိနေကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ပါကွီတာအနေနဲ့ သူ့ရဲ့အခွင့်အရေးရှိသလောက် အက်ဖ်အေကို ပြန်လည်တရားစွဲဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ 

ပါကွီတာရဲ့ရှေ့နေခေါင်းဆောင်ကလည်း "ဒီကိစ္စက ကျွန်တော်တို့စိတ်ထဲမှာ အဓိကထား စဉ်းစားနေတဲ့အရာဖြစ်ပြီး ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။အခုချက်ချင်းတရားရုံးသွားပြီး ပါကွီတာအတွက် တရားပြန်စွဲမယ်လို့မပြောနိုင်ပေမယ့် စဉ်းစားသုံးသပ်သင့်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာတော့ သတိပြုသင့်ပါတယ်"

"အက်ဖ်အေရဲ့စွပ်စွဲချက်ကြောင့် ပါကွီတာရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အလားအလာရှိတဲ့အကျိုးအမြတ်တွေအတွက် ဘယ်လောက်အထိနစ်နာခဲ့သလဲဆိုတာ ထည့်တွက်ရပါမယ်။ ဒီကိစ္စ စဖြစ်တုန်းက ပါကွီတာဟာ မန်စီးတီးကိုပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့အချိန်ပါ။ ဒါပေမယ့် ဒီပြဿနာကြောင့် သူမပြောင်းနိုင်ခဲ့ပါဘူး။ မန်စီးတီးကတော့ အဲဒီနှစ်မှာ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ တကယ်လို့ အခုလိုမှားယွင်းတဲ့စွပ်စွဲမှုကြောင့် အက်ဖ်အေက လျော်ကြေးပေးမယ်ဆိုရင်တောင် ပါကွီတာရဲ့ ဗလာဖြစ်နေတဲ့ဆုဖလားစင်ပေါ်မှာ ပရီးမီးယားလိဂ်ဖလားကြီးရောက်လာမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး "သူ့ကို အပြစ်မရှိဘဲ စွပ်စွဲခဲ့တယ်လို့ ခံစားခဲ့ရတာအမှန်ပါ။ အခု အက်ဖ်အေဘက်က လုံးဝအပြစ်ကင်းကြောင်းကြေညာထားတာကြောင့် ကျွန်တော်တို့ဘက်ကလည်း လုပ်နိုင်တာမှန်သမျှကို ပြန်လုပ်ပြီး တရားမျှတမှု ကို ပြန်ယူသွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

အက်ဖ်အေဟာ ပါကွီတာရဲ့အမှု ကိုစစ်ဆေးရာမှာ လွတ်လပ်တဲ့ ဥပဒေကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူခဲ့ခြင်းမရှိဘဲ သူတို့အဖွဲ့ချုပ်ရဲ့ လောင်းကစားဥပဒေချုပ်ကိုင်သူ တွမ်အက်စ်လေကိုသာ အဓိက သက်သေအဖြစ်အသုံးပြုခဲ့ပါတယ်။ ပါကွီတာရဲ့အမှုဟာ နှစ်န့်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါမှာ အက်ဖ်အေက အပြစ်ကင်းစင်ကြောင်း ကြေညာပြီးနောက် ကစားသမားအနေနဲ့ အယူခံစရာဝင်စရာလိုမှာမဟုတ်ကြောင်းကိုလည်း တစ်ပါတည်း ကြေညာခဲ့ပါတယ်။