
အနီကတ်ပြစ်ဒဏ်ကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို လွဲချော်သွားမယ့် အန်တိုနီ
မန်ချက်စတာယူနိုက်တက်မှ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမားအန်တိုနီဟာ ယနေ့နံနက်က ဂီတာဖေးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် လာမယ့်အပတ် ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာပြီး စပိန်မြေသို့စတင်ရောက်ရှိချိန်ကတည်းက ရီးရဲလ်ဘက်တစ်အတွက် ထူးရှယ်ခြေစွမ်းပြသနေတဲ့ အန်တိုနီဟာ ယခုပွဲစဉ်ရဲ့ ပွဲပြီးကာနီးမှာ ဂီတာဖေးနောက်ခံလူ ဂျူအန်အလက်ဆစ်ကို မလိုအပ်ဘဲ နောက်ကနေ လျှောထိုးဖြတ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်အနေနဲ့ တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာကြောင့် ဘရာဇီးသားဟာ လာမယ့်အပတ် ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အပါအဝင် စုစုပေါင်း ၃ ပွဲလောက်အထိ ပွဲပယ်ခံရဖို့ရှိနေပါတယ်။
ယခုပွဲစဉ်မှာ အန်တိုနီဟာ အသင်းအတွက် ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပေမယ့် ပွဲပြီးကာနီးမှာမလိုအပ်ပါပဲ ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ကစားသမားတစ်ယောက်မပါဝင်တော့ပေမယ့် ရီးရဲလ်ဘက်တစ်ကတော့ အနိုင်ရလဒ်ကို ပွဲပြီးတဲ့အထိထိန်းသိမ်းသွားနိုင်ခဲ့ပြီး အနိုင် ၃ မှတ်ကို အပြည့်အဝဖော်ဆောင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်ဘက်တစ်အတွက် စုစုပေါင်း ၆ ပွဲသာကစားရသေးတဲ့ အန်တိုနီဟာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ထားနိုင်ပြီဖြစ်လို့ ယူနိုက်တက်မှာရှိစဉ်ကခြေစွမ်းနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် အတော်လေးကွာဟမှုရှိနေတယ်လို့ ပြောရပါမယ်။ အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်လို့ ရီးရဲလ်ဘက်တစ်အနေနဲ့ တိုက်စစ်ပိုင်းပုံစံကောင်းရရှိဖို့ အတော်လေးရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။
လာလီဂါမှာ ၂ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ ရီးရဲလ်ဘက်တစ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး လာမယ့်ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ရလဒ်ကောင်းကို ဆက်လက်ဖန်တီးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။