
ရိုဒရီကွက်လပ်ကိုဖြည့်ဆည်းဖို့ နီကိုဂွန်ဇာလက်ဇ် ကူညီပေးလိမ့်မယ်လို့ ဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးကစားသမားသစ် နီကိုဂွန်ဇာလက်ဇ်အနေဖြင့် ဒဏ်ရာရနေတဲ့ အဓိကကစားသမား ရိုဒရီရဲ့နေရာကို ဖြည့်ဆည်းပေးနိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ နည်းပြပက်ဂွါဒီယိုလာက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူနေရတဲ့ ရိုဒရီဟာ ရာသီကုန်အထိ အနားယူရမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အတွက် မန်စီးတီးအသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့တနင်္လာနေ့မှာ မန်စီးတီးက ပေါ်တိုအသင်းရဲ့အသက်-၂၃ နှစ်အရွယ်ကွင်းလယ်ကစားသမား နီကိုဂွန်ဇာလက်ဇ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၆၀ အသုံးပြုပြီး လေးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ရိုဒရီမရှိတဲ့နောက် ကျွန်တော်တို့အသင်းအတွက် အားနည်းသွားတဲ့ နေရာတစ်ခု ရှိပါတယ်။ ဘာစီလိုနာအကယ်ဒမီမှာကတည်းက နီကိုဂွန်ဇာလက်ဇ်ကို ကျွန်တော် သိရှိခဲ့ပြီး သူ့ရဲ့အဖေကလည်း ဒီကလပ်အသင်းမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ လာမယ့်နှစ်တွေအထိ ဒီနေရာမှာ သူရှိနေအောင် လုပ်ဆောင်ခဲ့တဲ့ ကလပ်အသင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျွန်တော် တကယ်ကို ကျေနပ်မိခဲ့ပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးအသင်းက ဒီည အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် တတိယတန်းကလပ်လေတန်အိုးရီးယန့်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ရှိနေပြီး ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လာမယ်လို့ ပက်ဂွါဒီယိုလာက မျှော်လင့်ထားပါတယ်။ သူက “ဒီပြိုင်ပွဲရဲ့အဝေးကွင်းပွဲစဉ်တွေမှာ ချန်ပီယံရှစ် သို့မဟုတ် လိဂ်ဝမ်း သို့မဟုတ် လိဂ်တူး ကလပ်အသင်းတွေနဲ့ ရင်ဆိုင်ရရင်တောင် ကျွန်တော်တို့အတွက် အမြဲတမ်းလိုလို ပြဿနာတွေ ရှိခဲ့ပါတယ်။
အမြဲလိုလို ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အခုစိန်ခေါ်မှုအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ပွဲစဉ်တိုင်းက အခွင့်အလမ်းသစ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။