
ဆော်ဒီရဲ့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ရီးရဲလ်မက်ဒရစ်မှာပဲဆက်နေဖို့ ဗင်နီစီးယက်စ်ကို ကတ်စ်မဲရိုးတိုက်တွန်း
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ဗင်နီစီးယက်စ်ဂျူနီယာကို ဆော်ဒီပရိုလိဂ်ရဲ့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ဘောလုံးသမိုင်းမှာ ကျန်ရစ်ခဲ့စေဖို့ စပိန်မြေမှာ ဆက်လက်နေထိုင်စေလိုကြောင်း တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က ကတ်စ်မဲရိုးဟာ ဗင်နီစီးယက်စ်နဲ့ အလွန်ရင်းနှီးတဲ့အသင်းဖော်တွေဖြစ်ခဲ့ဖူးပြီး ၂ ဦးစလုံးဟာ ဘရာဇီးလက်ရွေးစင်တွေလည်း ဖြစ်ကြပါတယ်။မကြာသေးမီလတွေမှာ ဆော်ဒီအာရေဗျဟာ ရီးရဲလ်မက်ဒရစ်ရဲ့ကြယ်ပွင့် ဗင်နီစီးယက်စ်ကို ခေါ်ယူနိုင်ဖို့ အပြင်းအထန်ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားခဲ့ပါတယ်။ဆော်ဒီပရိုလိဂ်ရဲ့ကမ်းလှမ်းမှုတွေက အတော်လေးမြင့်မားပြီး ဘရာဇီးသားအနေနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံလိုက်မယ်ဆိုပါက ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဗင်နီစီးယက်စ်က ဆန်တီယာဂိုဘာနေဗျူးမှာပဲ ဆက်လက်နေထိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိကြောင်းကိုလည်း ယခုလထဲမှာ ဗင်နီစီးယက်စ်က "ကျွန်တော့်ရဲ့ စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စကို ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးထားပါတယ်။ ကျွန်တော့်မှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ကျန်နေသေးပေမယ့် ဒီမှာ အကြာကြီးကစားပြီး သမိုင်းဝင်ကစားသမားဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ ပရိသတ်တွေ၊ နည်းပြဝန်ထမ်းတွေ၊ အသင်းဖော်တွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတွေလည်း တည်ဆောက်ထားပြီးပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ဗင်နီစီးယက်စ်နဲ့ပတ်သက်ပြီး ကတ်စ်မဲရိုးကတော့ "သူ့ရဲ့ပရိသတ်တစ်ယောက်အနေနဲ့ပြောရရင် ကမ္ဘာ့ဘောလုံးမှာ သမိုင်းတင်ကျန်ရစ်ခဲ့ဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောရပါမယ်။ အခုချိန်မှာလည်း သူ့အနေနဲ့ သမိုင်းဝင်ကစားသမားတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အသက်က ငယ်ငယ်လေးရှိသေးလို့ နောက်ထပ်သမိုင်းတွေအများကြီးဖန်တီးနိုင်ပါသေးတယ်။ သူ့ရဲ့ပရိသတ်တစ်ဦးအနေနဲ့ သူ့ကို ရီးရဲလ်မက်ဒရစ်မှာ ဆက်လက်မြင်တွေ့ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဗင်နီစီးယက်စ်ဟာ ယခု ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲဖြစ်ပေမယ့် ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးကို အိမ်ကွင်းဆန်တီယာဂိုဘာနေဗျူးမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဗင်နီစီးယက်စ်အနေနဲ့ တောက်ပတဲ့ခြေစွမ်းတွေ ထပ်မံပြသသွားနိုင်မလားစောင့်ကြည့်ရပါမယ်။