ရက်ရှ်ဖို့ဒ်အစား အသက်-၆၃ နှစ်အရွယ်ဂိုးနည်းပြကိုသာ ယူနိုက်တက်အတွက်ကစားခွင့်ပြုလိုက်မယ်လို့ ပြောလာတဲ့ အာမိုရင်
ဖူလ်ဟမ်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ တိုးတက်ပြောင်းလဲမှုမရှိပါက ကစားခွင့်ရမှာမဟုတ်ကြောင်းနဲ့ အသင်းအတွက်ကစားသမားလိုအပ်နေရင် ရက်ရှ်ဖို့ဒ်အစား အသင်းရဲ့ အသက်-၆၃ နှစ်အရွယ် ဂိုးနည်းပြကိုသာ ကစားခွင့်ပြုသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဖူလ်ဟမ်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ လူစာရင်းမှာပါဝင်လာခဲ့ခြင်းမရှိဘဲ ဆက်လက် ချန်လှပ်ခံထားခဲ့ရပြန်တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အင်္ဂလန်သားရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ အာမိုရင်က ကစားသမားအနေနဲ့ ပြောင်းလဲမှုမရှိရင် ကစားခွင့်ရမှာမဟုတ်ဘူးလို့ ဖြေကြားလာခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက “သူ့ကိုချန်လှပ်ခဲ့တဲ့ အကြောင်းအရင်းက လေ့ကျင့်ရေးအစီအစဉ်ကြောင့်ပါပဲ။ ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ကစားသမားတွေကို အမြင်တစ်မျိုးတည်းနဲ့ပဲကြည့်ပါတယ်။ နေ့ရက်တိုင်းမှာ အသေးစိတ်အချက်အလက်တွေကို စောင့်ကြည့်နေတာပါ။ ဒါကြောင့် သူ့အနေနဲ့ ပြောင်းလဲမှုမရှိရင် ကျွန်တော်လည်း ပြောင်းလဲမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသင်းအတွက် ကစားသမားလိုအပ်ချက်ရှိလာပါကလည်း ရက်ရှ်ဖို့ဒ်အစား အသက်-၆၃ နှစ်အရွယ် ဝါရင့်ဂိုးနည်းပြ ဂျော့ဂျ်ဗီတယ်လ်ကိုသာ ကစားခိုင်းသွားမယ့်အကြောင်းကို အာမိုရင်က “ကျွန်တော့်အနေနဲ့ ကစားသမားလိုအပ်လာရင် အသင်းအတွက် အပြည့်အဝမပေးဆပ်တဲ့ကစားသမားတစ်ယောက်အစား ဂျော့ဂျ်ဗီတယ်လ်ကိုပဲ လူစာရင်းမှာထည့်လိုက်ပါမယ်။ ကျွန်တော်ကတော့ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတော့ အာမိုရင်က ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ပါရင်ပိုကောင်းတယ်လို့ ပြောကြားခဲ့ဖူးပေမယ့် ယခုအခါမှာတော့ ပိုမိုကြမ်းတမ်းတဲ့စကားတွေနဲ့ ကစားသမားကိုဝေဖန်လာခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့က သိပ်မလိုတော့တာကြောင့် အသက်-၂၇ နှစ်အရွယ်ကစားသမားအနေနဲ့ အခုချိန်လောက်ကတည်းက အသင်းသစ်ကိုရှာဖွေဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်က လာမယ့်ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပိတ်သိမ်းသွားမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ အချိန်အထိတော့ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ သေချာရေရာတဲ့ကမ်းလှမ်းမှုကို လက်ခံရရှိထားခြင်းမရှိသေးပါဘူး။