
The network connection is lost.

ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းမှာဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရတာကြောင့် တန်ဟက်ဟာ အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးရက်မှာ တော့တင်ဟမ်နောက်ခံလူ ဆာဂျီယို ရီဂူလွန်ကို မမျှော်လင့်ဘဲ အငှားနဲ့ခေါ်ယူခဲ့ရပါတယ်။ အသင်းသို့ရောက်ရှိလာပြီးနောက် စပိန်သားဟာ အိုးလ်ထရက်ဖို့ဒ်မှာ အသားကျဖို့အတွက် အကူအညီပေးခဲ့တဲ့ အသင်းဖော်တစ်ဦးရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုအခါယူနိုက်တက်ရဲ့နောက်တန်းကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ မာလာစီယာ၊ ရာဖေးလ်ဗာရန်းနဲ့ ဘစ်ဆာကာတို့က ဒဏ်ရာပြဿနာအသီးသီးကြုံတွေ့နေရတာကြောင့် ရီဂူလွန်ရဲ့အခန်းကဏ္ဍဟာ အသင်းမှာ အရေးပါလာဖွယ်ရှိနေပါတယ်။ စနေနေ့က ဘရိုက်တန်ကို ၁-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း အသက်-၂၆ နှစ်အရွယ် နောက်ခံလူဟာ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်ပွဲထွက်ပါဝင်လာခဲ့ပြီး ပွဲကစားချိန် ၈၅ မိနစ်ရောက်မှသာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ယခုအခါ စပိန်သားက ယူနိုက်တက်မှာ အခြေကျဖို့အတွက် အကူအညီပေးခဲ့တဲ့ ကစားသမားဟာ ကတ်စမဲရိုးဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းက "ကျွန်တော်ဒီကိုရောက်လာတဲ့ ပထမဆုံးနေ့မှာ ကလပ်ကိစ္စ ဒါမှမဟုတ် အိမ်ကိစ္စတွေနဲ့ ပတ်သက်တာမှန်သမျှကို ကူညီပေးနိုင်ပြီး လိုအပ်တာမှန်သမျှကို သူ့ဆီကနေ အကူအညီရယူနိုင်ကြောင်း ကတ်စ်မဲရိုးက မက်ဆေ့ခ်ျပို့ခဲ့ပါတယ်။ သူ့ကိုကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်။ အသင်းမှာ ကတ်စမဲရိုးအပြင် ကျွန်တော့်ကို ကူညီနေတဲ့ ကစားသမားတွေအများကြီး ရှိပါတယ်။ ဒီကိုရောက်ရှိလာတဲ့ ပထမဆုံးနေ့မှာတင် အသင်းဖော်တွေရဲ့ နွေးထွေးတဲ့ ဆက်ဆံမှုကြောင့် အိမ်ပြန်ရောက်လာသလိုခံစားရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ရီဂူလွန်နဲ့ ကတ်စမဲရိုးတို့ဟာ ရီးရဲလ်မက်ဒရစ်မှာကတည်းက အသင်းဖော်တွေဖြစ်ခဲ့ကြပြီး ၂၀၁၈ ကလပ်ကမ္ဘာ့ဖလားကို အတူတူဆွတ်ခူးခဲ့ဖူးကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ရီဂူလွန်က "ကျွန်တော့်မှာသူနဲ့ပတ်သက်ပြီး အမှတ်တရကောင်းတွေအများကြီး ရှိပါတယ်။ သူနဲ့အတူ ကစားခဲ့တဲ့ပွဲတွေ၊ လေ့ကျင့်ရေးအစီအစဉ်တွေလည်းရှိပြီးနဲ့ ခရီးတွေလည်းအများကြီးထွက်ခဲ့ဖူးပါတယ်။ သူက ကွင်းထဲမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ သူနဲ့လိုက်ဖက်တဲ့ စိတ်ဓာတ်စွမ်းအားတွေ အများကြီးယူဆောင်လာလေ့ရှိရပါတယ်။ လူတိုင်းကို အရှိန်မြှင့်တင်ပြီး တွန်းအားပေးဖို့လိုအပ်နေတဲ့ ယခုလက်ရှိဘောလုံးလောကမှာ ကတ်စမဲရိုးလို အတွေ့အကြုံရင့် ကစားသမားတွေ အသင်းမှာရှိဖို့ အရမ်းအရေးကြီးပါတယ်။ သူကစံပြတစ်ယောက်ပါ။ သူရရှိခဲ့တဲ့ ဆုဖလားတွေအကြောင်း ပြောမယ်ဆိုရင် များလွန်းလို့ ဘယ်ကစပြောရမယ်မှန်းတောင်မသိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။