
ဘရာဇီးလူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် သူ့အမြင်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဆန်းတို့စ်စတား
ဆန်းတို့စ်စတား နေမာက အခုလာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးလူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် သူ့အမြင်ကို ထုတ်ဖော်ပြောကြားလာပါတယ်။အသက် ၃၃ နှစ်သားဟာ အခုလမှာကန်မယ့်နိုင်ငံအသင်းပွဲစဉ်တွေအတွက် ဘရာဇီးလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်နည်းပြဟောင်းကတော့ နေမာအနေနဲ့ အသေးစားဒဏ်ရာပြဿနာရှိနေတာကြောင့်လို့ ပြောကြားလိုက်ပါတယ်။
အခုချိန်မှာတော့ နေမာက သူ့အမြင်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ gym မှာလေ့ကျင့်ခန်းအပြင်းအထန်လုပ်နေတဲ့ပုံနဲ့အတူ နေမာက အင်စတာဂရမ်ကနေ “အောင်မြင်မှုဆိုတာက စိတ်အားထက်သန်မှု ၊ ဆုံးဖြတ်ချက် နဲ့ မဆုတ်မနစ်ကြိုးစားမှုတွေကနေ လာတာပါ။ ခင်ဗျားအနေနဲ့ ခင်ဗျားလိုချင်တဲ့ပစ်မှတ်ကိုမရောက်ရင်တောင် အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ အဲ့လိုဆိုရင် တစ်ချိန်ချိန်မှာ လိုချင်တာတွေရလာမှာပါ”လို့ တင်ခဲ့ပါတယ်။
အန်ဆယ်လော့တီက နေမာရဲ့အရည်အချင်းတွေကို ပြောကြားခဲ့ပေမယ့် ဆန်းတို့စ်မှာတော့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ မိခင်မြေပြန်ရောက်လာချိန်မှာ နေမာတစ်ယောက် ၁၉ ပွဲမှာ ၆ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အယ်လ်-ဟီလယ်စတားဟောင်းအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ချင်တယ်ဆိုရင် ကြံ့ခိုင်မှုအပြင် စွမ်းဆောင်ရည်ပါ တိုးတက်နေဖို့ လိုအပ်တာဖြစ်ပါတယ်။
အန်ဆယ်လော့တီရဲ့ဘရာဇီးအသင်းဟာ ၁၆ ပွဲကစားပြီးချိန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ရပ်တည်မှုအဖြစ် အဆင့် ၃ နေရာမှာ ရပ်တည်နေကာ လာမယ့်နှစ်အတွက် ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ ဘရာဇီးဟာ ချီလီအသင်းနဲ့ကစားရမှာဖြစ်ပြီး အဲ့နောက် ဘိုလီဗီးယားနဲ့ကစားရမှာဖြစ်ပါတယ်။