ရူးသွပ်လောက်စရာ ပွဲစဉ်လို့ တင်စားရင်း အခက်တွေ့နေရင် သူ့ကိုလှမ်းခေါ်လိုက်ဖို့ တိုက်တွန်းလိုက်တဲ့ မော်ရင်ဟို
မော်ရင်ဟိုက အင်တာမီလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို အလွန်ရူးသွပ်ချင်စရာကောင်းတဲ့ပွဲစဉ်လို့ တင်စားလိုက်ပြီး အခြေအနေတွေခက်ခဲနေရင် သူ့ကို လှမ်းခေါ်လိုက်ပါလို့ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က အခုချန်ပီယံလိဂ်ပွဲစဉ်မတိုင် ဘာနာဒိုဆေးလ်ဗား၊ အာဒါဂူလာ၊ ကာမာဗင်ဂါတို့ရဲ့ပွဲပယ်ပြစ်ဒဏ်နဲ့အတူ မီလီတာအို၊ မန်ဒီ၊ အဆန်စီယို၊ ရိုဒဂိုတို့ရဲ့ ဒဏ်ရာပြဿနာတွေကို ရင်ဆိုင်ခဲ့ရသလို ချူအာမန်နီ၊ အန်းဒရစ်ချ်နဲ့ သီယာဂိုပီတာ့ချ်လည်း ကြံ့ခိုင်မှုမပြည့်၀လို့ ပွဲချိန်ပြည့် မပါဝင်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ မက်ဒရစ်သားတွေက ပွဲအစ ၂၅ မိနစ်အတွင်း ပြိုင်ဘက်အင်တာမီလန်ရဲ့ သိသာထင်ရှားတဲ့ အမှားနှစ်ခုကို အကောင်းဆုံးအသုံးချပြီး အမ်ဘာပေ၊ ဗယ်လ်ဗာဒီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
Sky Sport Italia နဲ့တွေ့ဆုံချိန် မော်ရင်ဟိုက "ရလဒ်ကို ကျွန်တော် သဘောကျပါတယ်။ အလွန်အားကောင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့ အဖွင့်ပွဲစဉ်မှာ သုံးမှတ်အပြည့် ရရှိခဲ့တာပါ။ ဒါပေမဲ့ ပွဲစဉ်က အိမ်မှာကြည့်နေသူတွေအတွက်တော့ အလွန်ကောင်းပေမဲ့ ကျွန်တော်နဲ့ ချီဗူးအတွက်တော့ မဟုတ်ခဲ့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"ဒီပွဲက တကယ်ကို ရူးသွပ်စရာပါ။ ကျွန်တော်တို့အတွက် ၅-၀ ဂိုးဆိုတဲ့ ရလဒ်ဖြစ်သွားနိုင်သလို ၅-၅၊ ၇-၆ ဒါမှမဟုတ် ၅-၆ ရလဒ်တွေလည်း ဖြစ်သွားနိုင်ပါတယ်။ အခွင့်အရေးတေါ အများကြီးပေါ်ပေါက်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အင်တာမီလန်က အင်အားတောင့်တင်းပြီး ကျွန်တော်တို့ကွင်းလယ်လူတွေအတွက် သူတို့ကို ပိတ်ဆို့တားဆီးဖို့ဆိုတာ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းမှာတင် ကျွန်တော်တို့အတွက် တတိယမြောက်ဦးဆောင်ဂိုး ရရှိမယ့် အခြေအနေတွေ ရှိခဲ့ပါတယ်"
"ဘယ်လင်ဟမ်လည်း အခွင့်အရေးတစ်ခု ထပ်ရခဲ့သလို အင်တာမီလန်ဘက်မှာလည်း ဂိုးကန်သွင်းခွင့်တွေ အများကြီးရှိခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်အထိ အပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး တကယ့်ကိုရူးသွပ်ချင်စရာကောင်းတဲ့ ဘောလုံးပွဲစဉ်တစ်ခု ဖြစ်ပါတယ်"လို့ ဆက်ပြောပါတယ်။
တချိန်တည်းမှာပဲ တစ်ကိုယ်ကောင်းဆန်ပြီး အသင်းဖော်တွေကို မကူညီပေးဘူးလို့ စွပ်စွဲခံထားရတဲ့ အမ်ဘာပေကိုလည်း ပရိသတ်တွေဘက်က လှောင်ပြောင်မှုအချို့ ရှိခဲ့ပါတယ်။
မော်ရင်ဟိုက "အမ်ဘာပေက တကယ်ကို ကြိုးစားခဲ့ပါတယ်။ အရေးကြီးတဲ့ ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သလို သူ သွင်းနေကျဖြစ်တဲ့ အခွင့်အရေး ၂ ကြိမ်၊ ၃ ကြိမ်လောက်လည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဂိုးတွေ အမြဲတမ်းသွင်းယူပေးနိုင်လို့ပါပဲ။ သူက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ရဲ့သွင်းဂိုးအများဆုံးကစာသမား သေချာပေါက်ဖြစ်လာပါလိမ့်မယ်။ အသင်းအတွက်လည်း အပြည့်အ၀ကြိုးစားအားထုတ်ပေးနေလို့ ကျွန်တော် ကျေနပ်မိပါတယ်"လို့ ပြောပါတယ်။
၂၀၁၀ ပြည့်နှစ်၊ အင်တာမီလန်ရဲ့ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းခံစစ်မှူးချီဗူးနဲ့ တကျော့ပြန်ရင်ဆိုင်ရမှုအပေါ် မော်ရင်ဟိုက "ပွဲမစခင်မှာရော ပွဲအပြီးမှာပါ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြပါတယ်။ သူ့အပေါ် ကျွန်တော့်ရဲ့ ခံစားချက်ကို သူသိသလို၊ ကျွန်တော့်အပေါ် သူ့ရဲ့ခံစားချက်ကိုလည်း ကျွန်တော်သိပါတယ်။ မိနစ် ၉၀ ကစားနေချိန်မှာတော့ အရာအားလုံးကို မေ့ထားကြပေမဲ့ အခုတော့ ဆုံတွေ့ခွင့်ရရင် စကားတွေ ဆက်ပြောကြရပါဦးမယ်"လို့ ဆိုပါတယ်။
မော်ရင်ဟိုအတွက် နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်ကတော့ သူ့ကို ရာထူးမှထုတ်ပယ်ခဲ့ဖူးတဲ့ ရိုးမားအသင်းနဲ့ အိုလံပီကိုကွင်းမှာ ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြက "ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးနဲ့ ကျွန်တော့်ရဲ့ကလပ်အသင်းဟောင်းတစ်ခု ဖြစ်ခဲ့ဖူးသလိုပဲ၊ ဒါ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရောမမြေကို ရိုးမားနဲ့ပတ်သက်ခဲ့ဖူးသူတစ်ဦး ပထမဆုံးအကြိမ် သွားရောက်ရတော့မယ်ဆိုတာကို ဖုံးကွယ်ထားလို့ မရပါဘူး။ သေချာပေါက် စိတ်လှုပ်ရှားစရာ ဖြစ်လာနို်ငပေမဲ့ ဒါက ပွဲမစခင်နဲ့ ပွဲပြီးဆုံးချိန်တွေမှာသာ ဖြစ်ပါတယ်။ ပွဲချိန်အတွင်းမှာတော့ ပွဲစဉ်အပေါ်မှာပဲ ကျွန်တော် အပြည့်အ၀အာရုံစိုက်သွားပါမယ်"လို့ ပြောပါတယ်။
စပိန်ဘီလူးကြီးဆီ သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ် ဘာကြောင့် အတင်းအကျပ်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို မော်ရင်ဟိုက သူ့ရဲ့နာမည်ကျော်စကားတစ်ခွန်းနဲ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
သူက "ဘာကြောင့်လဲဆိုတော့ အခြေအနေတွေက တကယ်ကို ခက်ခဲနေလို့ပါ။ လွယ်ကူနေတဲ့အရာတွေဆိုရင် ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အခြေအနေတွေ ခက်ခဲလာရင်တော့ ဟိုဆေးမော်ရင်ဟိုကိုပဲ လှမ်းခေါ်လိုက်ပါ" လို့ ဆိုပါတယ်။