ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့လို့ ကျေနပ်အားရနေတဲ့ ချီဗူး
ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အင်တာမီလန်နည်းပြချီဗူးက အသင်းရဲ့အနာဂတ်အတွက် အကောင်းမြင်ထားသလို ဘာနေဗျူးပြိုင်ဘက်ကိုလည်း အကောင်းဆုံးတိုက်စစ်ဆင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်တာမီလန်က ဘာနေဗျူးကွင်းပွဲစဉ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမဲ့ တစ်ဦးချင်းအမှားအယွင်းကြီးတွေကြောင့် ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ပွဲချိန်အစောပိုင်းမှာ ဦးဆောင်ဂိုးနှစ်ဂိုးအထိ ပေးလိုက်ရပါတယ်။
ပထမဂိုးမှာ ကာတစ်ဂျုံးစ်ရဲ့လွဲမှားတဲ့လူပေးပုံမှတဆင့် ရရှိလာတဲ့ အခွင့်အရေးကို အမ်ဘာပေက အသုံးချခဲ့ပြီး ဒုတိယဂိုးမှာတော့ ဂိုးသမားဂျိုးဆပ်မာတီနက်ဇ်ရဲ့ကြန့်ကြာနေမှုကို ဗယ်လ်ဗာဒီက အခွင့်အရေးယူကာ ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒုတိယပိုင်းပွဲချိန်အတွင်း လော်တာရိုမာတီနက်ဇ်ရဲ့ဖန်တီးပေးမှုမှတဆင့် ကားလို့စ်ဩဂတ်စတိုက အင်တာမီလန်အတွက် တစ်လုံးတည်းသောချေပဂိုးကို သွင်းယူနိုင်ခဲ့ပေမဲ့ နှစ်ဖက်အသင်းဂိုးသမားတွေဖြစ်တဲ့ ကော်တိုရစ်နဲ့ ဂျိုးဆပ်မာတီနက်ဇ်တို့ရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့် နောက်ထပ်သွင်းဂိုးတွေကိုတော့ မမြင်တွေ့ခဲ့ရပါဘူး။
ပွဲစဉ်အပြီး Sky Sport Italia နဲ့တွေ့ဆုံချိန် ချီဗူးက "ကျွန်တော် လုံးဝဒေါသမထွက်မိပါဘူး။ ကျွန်တော်တို့အသင်း ပြသခဲ့တဲ့ ရဲဝံ့မှုနဲ့စိတ်ဓါတ်ပိုင်းအပေါ် ကျေနပ်အားရမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"အမှားလုပ်မိတယ်ဆိုတာ အားကစားရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အဓိကကတော့ အမှားတွေအပေါ် ဘယ်လိုတုံ့ပြန်ပြီး ရှေ့ဆက်မလဲ၊ ကိုယ့်ရဲ့ကွင်းတွင်းလှုပ်ရှားမှုနဲ့ ပွဲပြီးဆုံးချိန်အထိ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိမလဲ ဆိုတာပါပဲ။ ဒီညပွဲစဉ်မှာ ပွဲကိုစိုးမိုးနိုင်ဖို့နဲ့ အစအဆုံး အသာစီးရဖို့ ကြိုးစားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ကောင်းမွန်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်"
"ဒါက အသင်းရဲ့အနာဂတ်အတွက် ကျွန်တော့်ကိုပျော်ရွှင်စေသလို အကောင်းမြင်စိတ်လည်း ဖြစ်စေပါတယ်။ အမှားဆိုတာ ရှိတတ်တာပါပဲ။ သူတို့ရဲ့တိုက်စစ်ပိုင်းအရည်အသွေးမြင့်မားမှုနဲ့ ခံစစ်တိုက်စစ်ကူးပြောင်းကစားပုံတွေကြောင့် ကျွန်တော်တို့ ဂိုးပေးရနိုင်တယ်ဆိုတာ ကြိုသိထားပေမဲ့ ပွဲပြီးချိန်အထိ စိတ်ဓာတ်မကျဘဲ ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်"
"ကျွန်တော်တို့က သရေတစ်မှတ်ရဖို့လောက်ပဲ ရည်ရွယ်ပြီး ကစားခဲ့ကြတာမဟုတ်ဘဲ ရဲဝံ့တဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်လိုပြိုင်ဘက်မျိုးကိုပါ ကောင်းကောင်း ဖိအားပေးကစားနိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူမိပါတယ်"လို့ ဆိုပါတယ်။
အခုပွဲစဉ်အတွက် အထူးခြားဆုံးစွမ်းဆောင်ရည်ကတော့ ဗယ်လ်ဗာဒီရဲ့သွင်းဂိုးကို ဟာသဆန်ဆန် ခွင့်ပြုပေးလိုက်တဲ့ ဂိုးသမားဂျိုးဆပ်မာတီနက်ဇ် ဖြစ်ပြီး နောက်ပိုင်းမှာ အင်တာမီလန်အတွက် အရေးပါတဲ့ ကာကွယ်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။
ချီဗူးက "သူ့နာမည်ကို ဘာလို့ သီးသန့်ထုတ်ပြောနေရတာလဲ။ ကျွန်တော် အခုလေးတင် ပြောခဲ့သလိုပါပဲ၊ အရေးကြီးဆုံးက အမှားအယွင်းတွေအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာပါ။ ဂျိုးဆက်မာတီနက်ဇ်ကတော့ ထိပ်တန်းဂိုးသမားတစ်ဦးလိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပြုလုပ်ပြသွားခဲ့ပါတယ်"
"ဂိုးသမားတင်မကပါဘူး၊ ကွင်းတွင်းမှာရှိတဲ့ဘယ်ကစားသမားမဆို အမှားအယွင်းရှိလာရင် ခေါင်းမော့ထားပြီး ယုံကြည်မှုပြန်လည်ရှာဖွေဖို့နဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာက ပိုအရေးကြီးပါတယ်။ ဒါကိုပဲ ကျွန်တော် စိတ်ဝင်စားပါတယ်"လို့ တုံ့ပြန်ပြောကြားပါတယ်။
အခုပွဲစဉ်အတွက် အင်တာမီလန်က ဘာနေဗျူးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ညာတောင်ပံပွဲထွက်ကစားသမားနေရာမှာလည်း ဒီအော့ဖ် ပါဝင်လာခဲ့ပါတယ်။
"ကားလို့စ်ဩဂတ်စတိုတော့ အလွန်မောပန်းနေလို့ ကောင်းကောင်းတောင် မရပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ တောင်ပံကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကျွန်တော် ကျေနပ်မိပါတယ်။ ကားလို့စ်ဩဂတ်စတိုက တိုက်စစ်ဆင်ကစားပြီး ဒမ်ဖရီးစ်ကို ဒုက္ခအချို့ပေးနိုင်ခဲ့သလို ဒီအော့ဖ်ကလည်း ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေအနက် တစ်ဦးဖြစ်တဲ့ ကူကူရယ်လာကို အကြိမ်ကြိမ်ကျော်ဖြတ်ဖို့ ကြိုးစားရင်း သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ အရေးပါတဲ့ပြိုင်ဘက်တွေအတွက်လည်း ခံစစ်ပိုင်းကို အာရုံစိုက်ကစားနိုင်ခဲ့ပါတယ်"
"ဒါကြောင့်လည်း ကျွန်တော် အကောင်းမြင်တာဖြစ်ပြီး ဒီစွမ်းဆောင်ရည်က အနာဂတ်အတွက် ယုံကြည်မှုတွေ ပေးစွမ်းနိုင်ပါတယ်" လို့ ချီဗူးက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။