
နော်တင်ဟမ်ဖောရက်စ် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်နှင့် ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟို
ချဲလ်ဆီးနဲ့ ယူနိုက်တက်အသင်းဟောင်းနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖို့လည်း မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
‘Special One’ လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ မော်ရင်ဟိုဟာ ချဲလ်ဆီးကို ၂ ကြိမ်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရယူပေးခဲ့ပါတယ်။ သူဟာ ယူနိုက်တက်အသင်းနဲ့လည်း လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ကို ရယူပေးခဲ့ပြီးနောက် တော့တင်ဟမ်အသင်းနဲ့တော့ ရုန်းကန်ခဲ့ရပါတယ်။
လက်ရှိမှာ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ တူရကီကလပ် ဖီနာဘာချီကို ကိုင်တွယ်နေပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ပိုင်ရှင် အီဗန်ဂျီလော့စ် မာရီနာကစ်နဲ့ ဆက်ဆံရေး ပျက်ပြားနေတယ်လို့ နူနို အက်စ်ပီရီတို ဆန်းတို့စ်က ဝန်ခံခဲ့ပြီးနောက် သူ့ရဲ့ လက်ရှိအခန်းကဏ္ဍကနေ ထွက်ခွာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေကာ နည်းပြသစ်အဖြစ် မော်ရင်ဟိုရဲ့ နာမည်ကလည်း ဆက်လက်ထည့်သွင်းခံနေရပါတယ်။
ယူနိုက်တက်နဲ့ ဆန်းဒါးလန်းအသင်းရဲ့ ကင်းထောက်ဟောင်း မစ်ခ် ဘရောင်းကတော့ ဖောရက်စ်အသင်းက ချဉ်းကပ်ခဲ့ရင် မော်ရင်ဟို နားထောင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ဖောရက်စ်အသင်းက ဟိုဆေး မော်ရင်ဟိုကို စောင့်ကြည့်နေတယ်လို့ ကျွန်တော် ဖတ်ခဲ့ရပါတယ်။ သူက အဲ့ဒီအလုပ်ကို လုပ်ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အမြဲတမ်း မျှော်လင့်နေပြီး အချိန်အကြာကြီး စိတ်ဝင်စားနေခဲ့ပါတယ်”
“သူက ဘယ်ကလပ်မှာပဲ ဖြစ်ဖြစ် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်ထက် ပိုမနေပါဘူး။ ဒါကြောင့် အခွင့်အရေး ရခဲ့ရင် တူရကီကနေ ထွက်ခွာဖို့ ကြည့်နေပါလိမ့်မယ်” “လူတိုင်းက သူ့ကို ဘယ်လိုမျိုးလဲဆိုတာ သိပါတယ်။ သူက လူအများရဲ့ အာရုံစိုက်မှုဗဟို ဖြစ်ရတာကို သဘောကျပါတယ်”
“နူနိုကို အစားထိုးတာက အငြင်းပွားဖွယ်ရာ အပြောင်းအရွှေ့တစ်ခု ဖြစ်လိမ့်မယ်။ ဒါဆိုရင် ဘယ်သူက အဲ့ဒီအငြင်းပွားမှုတွေကို ကိုင်တွယ်ဖို့ ပိုကောင်းမလဲ။ ကျွန်တော်ကတော့ အခွင့်အရေးရခဲ့ရင် သူ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်” လို့ ဘရောင်းက Football Insider ကို ပြောခဲ့ပါတယ်။
ဖောရက်စ်ဟာ နည်းပြနှင့် အသင်းပိုင်ရှင်ကြားက ပြဿနာကို ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ မော်ရင်ဟိုက မကြာသေးမီက ရန်းဂျားစ်နဲ့ ဝက်စ်ဟမ်းတို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူက ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိတဲ့ ဖီနာဘာချီအသင်းနဲ့ စာချုပ်ကို ဂုဏ်ပြုသွားမယ်လို့ ပြောခဲ့ပါတယ်။