အင်တာဗျူးပြောစကားတွေအတွက် လီဗာပူးအသင်းဖော်တွေဆီ တောင်းပန်စကားဆိုလိုက်တဲ့ မိုဆာလက်
အယ်လန်ရုဒ်ကွင်းပွဲစဉ်အပြီး ကလပ်အသင်းရဲ့သစ္စာဖောက်မှုကို ခံစားနေရတယ်ဆိုတဲ့ အငြင်းပွားစရာ အင်တာဗျူးအစီအစဉ်အတွက် လီဗာပူးအသင်းဖော်တွေဆီ မိုဆာလက်ကိုယ်တိုင် တောင်းပန်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားကာတစ်ဂျုံးစ်ရဲ့အဆိုအရ မိုဆာလက်ဟာ အငြင်းပွားစရာအင်တာဗျူးအစီအစဉ်မှာ သူကိုယ်တိုင်ပြောကြားခဲ့တဲ့အရာတွေအတွက် အသင်းဖော်တွေဆီ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ဒီအင်တာဗျူးမှာ အီဂျစ်ကြယ်ပွင့်က နည်းပြအန်းစလော့နဲ့ ဆက်ဆံရေး မရှိတော့ဘူးလို့ ပြောခဲ့သလို သူ့ရဲ့အန်ဖီးလ်ကွင်းအနာဂတ်လည်း သံသယတွေနဲ့ပြည့်နှက်လာနေပြီလို့ ဆိုခဲ့ပါတယ်။
အကျိုးဆက်အားဖြင့် ဒဏ်ရာပြဿနာတွေရင်ဆိုင်နေရချိန် အားနည်းချက်တွေရှိပေမယ့် လီဗာပူးရဲ့စည်းမျဉ်းများအရ မိုဆာလက်ကို အင်တာမီလန်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်လူစာရင်းမှ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ မိုဆာလက်က လွန်ခဲ့တဲ့သီတင်းပတ်၊ ဘရိုက်တန်ကိုအနိုင်ရရှိတဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ကစားပြီးနောက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အီဂျစ်နဲ့ပူးပေါင်းဖို့ မာဆေးဆိုဒ်မှ ထွက်ခွာသွားပါတယ်။
တဖက်မှာလည်း မိုဆာလက်ကိုယ်တိုင် တောင်းပန်ခဲ့သေးလားဆိုတဲ့ မေးခွန်းကို အန်းစလော့က လူသိထင်ရှားမရှင်းပြပေမယ့် ကာတစ်ဂျုံးစ်ကတော့ အသင်းဖော်တွေနဲ့ တောင်ပံကစားသမားအကြား စကားပြောဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Sky Sports နဲ့တွေ့ဆုံချိန် ကာတစ်ဂျုံးစ်က “ မိုဆာလက်ဆိုတာ လွတ်လပ်တဲ့လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ဆန္ဒအမြင်ကို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ပါတယ်။ သူက ကျွန်တော်တို့ကို တောင်းပန်ခဲ့ပါတယ်။ သူ့ကြောင့် တစ်စုံတစ်ဦး ထိခိုက်နစ်နာမိရင် (သို့မဟုတ်) ခံစားမိစေတယ်ဆိုရင် သူတောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။ မိုဆာလက်ဆိုတာ အဲ့ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။
မိုဆာလက်အကြောင်း၊ မိုဆာလက်ရဲ့ပြုမူနေထိုင်ပုံ ဘယ်လိုရှိသလဲဆိုတာ သိထားလို့ အခုလိုမျိုး ကျွန်တော် ပြောပြနိုင်တာပါ။ သူလည်း အပြုသဘောဆောင်ပါတယ်။ မိုဆာလက်ပုံစံနဲ့ တသားတည်းပါပဲ။ သူ့ရဲ့မျက်နှာမှာ အပြုံပန်းကြီးတစ်ခုရှိပြီး လူတိုင်းလည်း သူနဲ့တသားတည်း ရှိပါတယ်။ အနိုင်ရရှိချင်သူတစ်ဦးရဲ့ စိတ်ဆန္ဒအပိုင်းအစတစ်ခု ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ သူကိုယ်တိုင် နောက်ဆုံးဖြစ်ချင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ ပြောပါတယ်။
ကာတစ်ဂျုံးစ်ကိုယ်တိုင်လည်း မိုဆာလက်ကို ခွင့်လွှတ်ပေးခဲ့ပြီး သုံးပွဲဆက်ပွဲကစားချိန်မရရှိမှုမှတဆင့် အီဂျစ်သားရဲ့စိတ်ပျက်မှုတွေ ပေါ်ပေါက်လာပုံရတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ကာတစ်ဂျုံးစ်က “ အရာအားလုံးမှာ လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေ ရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကောင်လေးတစ်ယောက်က အရန်ခုံမှာပဲ ထိုင်နေပြီး အသင်းအတွက် ဘာအကူအညီမှမပေးချင်ဘူးဆိုရင် ဒါဟာ ပိုကြီးပြဿနာတစ်ခု ဖြစ်နေမယ်လို့ ထင်ပါတယ်။
ကျွန်တော်အပါအဝင် ကျွန်တော်တို့ရဲ့ ဒေါသတစုံတရာထွက်လာချိန်တိုင်း ဒါဟာ ကောင်းတဲ့နေရာမှတဆင့် အမြဲတမ်းပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မှန်ကန်တဲ့ပုံစံမျိုးမဖြစ်နိုင်ပေမယ့် အသင်းနဲ့ဝန်ထမ်းတွေ၊ နည်းပြတွေ၊ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ အခုတော့ ကျွန်တော်တို့တွေ မိုဆာလက်ပြောစကားကိစ္စကို ကျော်လွှားလာခဲ့ပါပြီ။ အသင်းတစ်ခုအဖြစ် အကောင်းဆုံးကစားပြီး ပွဲစဉ်တွေမှာ အနိုင်ရရှိအောင် စတင်လုပ်ဆောင်နေပါတယ်”လို့ ဆက်ပြောပါတယ်။