The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့အတူ အခိုက်အတန့်ကောင်းတွေကို မိုဒရစ် အမှတ်ရနေပါလိမ့်မယ်လို့ ဆိုလိုက်တဲ့ အလွန်ဆို

လူကာမိုဒရစ်ရဲ့ကျော်ကြားလှတဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝဟာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကို လေးဂိုးပြတ်ရှုံးနိမ့်ခြင်းဖြင့် ရပ်တန့်သွားပြီဖြစ်ပေမယ့် ခရိုအေးရှားသားချန်ထားခဲ့တဲ့ အမွေအနှစ်တွေဟာ ပွဲစဉ်တစ်ခုဆိုတာထက် ပိုလွန်သွားခဲ့ပြီလို့ နည်းပြအလွန်ဆိုက ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ဘော်လွန်းဒီအော်ဆုရှင်၊ စပိန်ကလပ်အသင်းရဲ့အရေးအပါဆုံးကစားသမား မိုဒရစ်က ယမန်နေ့၊ MetLife Stadium အတွင်း ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးပွဲစဉ်ကစားပေးပြီးနောက် အေစီမီလန်ဆီ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

၂၀၁၂ ခုနှစ်၊ တော့တင်ဟမ်မှရောက်ရှိလာပြီးနောက် အသက်-၃၉ နှစ်အရွယ်ကစားသမားက ရီးရဲလ်မက်ဒရစ်အတွက် ၅၉၇ ပွဲပါဝင်ကစားပေးပြီး ချန်ပီယံလိဂ်ခြောက်ကြိမ်အပါအဝင် ဆုဖလား ၂၈ လုံးအထိ ဆွတ်ခူးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲစဉ်အပြီး အလွန်ဆိုက “ လိုချင်တဲ့အဆုံးသတ်ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ခါးသီးတဲ့အဆုံးသတ်ပါပဲ။ ဒါပေမဲ့ မိုဒရစ်ကိုယ်တိုင်လည်း ဒီနေ့ပွဲစဉ်ကို အမှတ်ရနေမှာမဟုတ်ဘဲ အခြားကောင်းမွန်တဲ့ပွဲစဉ်တွေကိုပဲ သတိရသွားပါလိမ့်မယ်။ 

မိုဒရစ်က ဘောလုံးကမ္ဘာရဲ့ဂန္တဝင်တစ်ဦးဖြစ်သလို ရီးရဲလ်မက်ဒရစ်ရဲ့ဂန္တဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဒီနေ့ကစားခဲ့တဲ့ပွဲချိန် ၂၅ မိနစ်ထက် ပိုမိုကောင်းမွန်တဲ့ အခြားအရာများစွာကိုပဲ စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်မိသွားပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်ကလည်း မိုဒရစ်ဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားက “ မိုဒရစ်ဆိုတာ မက်ဒရစ်သားတွေတင်မက အခြားသူတွေဆီကပါ ဂုဏ်ပြုချီးကျူးမှု အမြဲတမ်းရရှိခဲ့သူ ဖြစ်ပါတယ်။ သူက ကစားသမားကောင်းတစ်ဦးဖြစ်သလို အသင်းဖော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို အမှတ်ရနေပါလိမ့်မယ်”လို့ ဆိုပါတယ်။