The network connection is lost.

Banner Image

ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာရဖို့သေချာခဲ့ပြီးနောက် ခရိုအေးရှားအတွက် ဆက်လက်ကစားလိုကြောင်း ပြောကြားလာတဲ့ မိုဒရစ်

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်မှာ ခရိုအေးရှားဟာ အီတလီကို ၁-၁ နဲ့ သရေကျခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရဖို့ သေချာသလောက်ဖြစ်ခဲ့သော်လည်း အဓိကကွင်းလယ်လူ လူကာမိုဒရစ်ကတော့ အသင်းအတွက် ဆက်လက်ကစားလိုသေးကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးရရှိခဲ့ဖူးတဲ့ ခရိုအေးရှား အသင်းခေါင်းဆောင်ဟာ အဆိုပါနှစ်မှာပဲ မော်စကိုမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒုတိယရရှိခဲ့ဖူးပါတယ်။

ယခုပွဲစဉ်မှာလည်း မိုဒရစ်ဟာ ပင်နယ်တီအခွင့်အရေးကို ဖြုန်းတီးမိခဲ့ပေမယ့် အသင်းအတွက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှင်သန်စေခဲ့ပါတယ်။ သို့သော်လည်း ပွဲပြီးကာနီး ၉၀+၈ မိနစ်မှာတော့ အီတလီရဲ့အသည်းခွဲချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ ၁-၁ နဲ့သရေ ရလဒ်သာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ယခုပွဲရလဒ်ကြောင့် အီတလီက ရမှတ် ၄ မှတ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်သို့  တက်ရောက်သွားနိုင်ခဲ့သော်လည်း ခရိုအေးရှားကတော့ ရမှတ် ၂ မှတ်သာ    ရရှိခဲ့တာကြောင့် အကောင်းဆုံး တတိယအသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မရှိဘဲ ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ရဖို့သေချာသွားခဲ့ပါတယ်။ စိတ်ပျက်စရာရလဒ်ကို ရရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်ကတည်းက နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး စုစုပေါင်း ၁၇၈ ပွဲအထိ   ကစားခွင့်ရထားတဲ့ မိုဒရစ်က ပွဲအပြီးမှာတော့ အသင်းအတွက် ဆက်လက်ကစားလိုသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက်-၃၈ နှစ်အရွယ် ကစားသမားက “ကျွန်တော်ကတော့ အသင်းအတွက် ထာဝရကစားပေးချင်ပေမယ့် အချိန်ကျလာရင်တော့ ကစားသမားဘဝကနေ အနားယူရမှာပါပဲ။ လောလောဆယ်မှာတော့ ဆက်ကစားနေဦးမှာပါ။ ဒါပေမယ့် ဘယ်အချိန်လောက်ထိကစားနေနိုင်ဦးမလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”လို့  ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိုဒရစ်က အသင်းရဲ့ကံဆိုးပုံကိုလည်း စိတ်ပျက်လက်ပျက်ပြောကြားလာခဲ့ပါတယ်။ မိုဒရစ်က “တကယ်ကို စိတ်ဖိစီးစရာပါပဲ။ ကျွန်တော်တို့ ပွဲပြီးကာနီးအထိ တိုက်ပွဲဝင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ဘောလုံးက ဒီညမှာ ကျွန်တော်တို့ကို အကြင်နာမဲ့ခဲ့ပါတယ်။ ဒီနေ့ပွဲလိုပဲ ရက်စက်ခဲ့တဲ့နောက်တစ်ပွဲက ပွဲပြီးကာနီးမှ  ချေပဂိုးပေးခဲ့ရတဲ့ အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်ပါ။ ဒါပေမယ့် ဒါကဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဘောလုံးက မကြာခဏဆိုသလို ကျွန်တော်တို့ကို ပြုံးပျော်စေပေမယ့် တစ်ခါတလေမှာလည်း ဝမ်းနည်းစေပါတယ်။ ပွဲအစကနေ အဆုံးအထိ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့တာကြောင့် ဒီရလဒ်က ကျွန်တော်တို့အတွက် တရားမျှတမှုမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မိုဒရစ်သာမက အသင်းနည်းပြ ဇလတ်ကိုဒါးလစ်ကလည်း ယခုပွဲစဉ်မှာ သတ်မှတ်ပေးခဲ့တဲ့ နာကျင်အချိန်ပို ၈ မိနစ်ဟာ မလိုအပ်ကြောင်းနဲ့ ဒီအချိန်ပိုကြောင့် အသင်းရဲ့ကစားသမားတွေ စိတ်ရှုပ်ထွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါးလစ်က “ပြစ်ဒဏ်ဘောတွေအတွက် အချိန်တွေအများကြီး မကုန်ခဲ့ပါဘူး။ ဒါကြောင့် အချိန်ပို ၈ မိနစ်ကတော့ များပါတယ်။ ဒါပေမယ့် အသင်းအနေနဲ့လည်း ပွဲကစားချိန် ၉၀+၈ မိနစ်ရောက်မှ ချေပဂိုးမပေးသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုအဖြစ်မျိုးနဲ့ရှုံးနိမ့်ခဲ့တာကလည်း ဘောလုံးလောကရဲ့ ပုံမှန်ပြကွက်တွေထဲက တစ်ခုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။