The network connection is lost.

Banner Image

ချဲလ်ဆီး နဲ့ အာဆင်နယ်ပစ်မှတ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဝက်စ်ဟမ်း

သတင်းတွေအရ ဝက်စ်ဟမ်းအသင်းဟာ ချဲလ်ဆီး နဲ့ အာဆင်နယ်တို့ပစ်မှတ်ထားနေတဲ့ ဘရိုက်တန်စတား ဖာဂူဆန်ကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့မှာ လန်ဒန်မြေကိုသွားရောက်ပြီး ဆေးစစ်မှုခံယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းမှာ ဖာဂူဆန်အနေနဲ့ ယခင်ဘရိုက်တန်နည်းပြဟောင်း ပေါ်တာနဲ့ ပြန်လည်ပေါင်းဆုံမှာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ရဲ့အလားအလာအကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး အခုတော့ လက်ကျန်ရာသီဝက်ကို ဝက်စ်ဟမ်းမှာ အငှားနဲ့ကုန်ဆုံးမှာဖြစ်ပါတယ်။

အိုင်ယာလန်သားဟာ ပရီးမီးယားလိဂ် ၁၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ ၁ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ ဖာဂူဆန်ကို အာဆင်နယ်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်ခဲ့ပေမယ့် ပုံမှန်ကစားခွင့်ရမယ့်အသင်းကို ကစားသမားက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လတုန်းက ဖာဂူဆန်ကို ချဲလ်ဆီး နဲ့ အာဆင်နယ်တို့က စောင့်ကြည့်ခဲ့ပြီး အာဆင်နယ်က တိုက်စစ်လိုအပ်ချက်ပိုရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဝက်စ်ဟမ်းကလည်း တိုက်စစ်လိုအပ်ချက်ကြောင့် အဆိုပါအပြောင်းအရွှေ့ထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ လိုပက်တီဂူကို ထုတ်ပယ်ပြီးနောက် ပေါ်တာကို ခန့်အပ်ခဲ့ပြီး သူ့လက်အောက် ပထမဆုံး ၃ ပွဲမှာ ၄ မှတ်အထိရယူထားနိုင်ခဲ့ပါတယ်။ ဖာဂူဆန်အနေနဲ့ လာမယ့်တနင်္လာနေ့ည ချဲလ်ဆီးနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ဗီလာကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအနေနဲ့ ပါကွေတာကို false nine အဖြစ်ထားကစားခဲ့ရပါတယ်။

အားထားရတဲ့တိုက်စစ်မှူး အန်တိုနီကတော့ ရာသီကုန်အထိ နားရတော့မှာဖြစ်ပြီး ဂျာမန်သား ဖူလ်ခရက်ဂျ်ကလည်း ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေရပါတယ်။ ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း ဂျိုကိုးလ်ကတော့ ဖာဂူဆန်ကိုခေါ်ယူနိုင်လိုက်တာက တကယ်ကောင်းတဲ့ခေါ်ယူမှုလို့ ထောက်ခံခဲ့ပါတယ်။ “နားထောင်ပါ။ ကျွန်တော်သာ သူ့အေးဂျင့်ဆိုရင်လည်း ဝက်စ်ဟမ်းကို သူသွားဖို့တိုက်တွန်းမှာပါ။ ခင်ဗျားအနေနဲ့ ဘရိုက်တန်မှာ နေရာမရတော့ရင် ပွဲထွက်ခွင့်အတွက် နောက်တစ်ဆင့်တက်ဖို့ လိုအပ်ပါတယ်။ လူငယ်ကစားသမားတွေက ပွဲကစားခွင့်လိုအပ်ပါတယ်။ ဖူလ်ခရက်ဂျ်ကလည်း အလုပ်မဖြစ်ချိန်မှာ သူ့အတွက် ကစားခွင့်ရလာမှာသေချာပါတယ်”လို့ ဂျိုကိုးလ်က ပြောကြားခဲ့ပါတယ်။