The network connection is lost.

Banner Image

မိုဒရစ်လိုကစားသမားမျိုး ခရိုအေးရှားမှာ နှစ် ၃၀၀ ကြာမှ တစ်ခါပေါ်ထွန်းတယ်လို့ ပြောကြားလာတဲ့ တူဒေါ်

ဂျူဗင်တပ်စ်နည်းပြချုပ် အီဂေါ်တူဒေါ်က ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မတိုင်မီမှာ ရီးရဲလ်ရဲ့ ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်လိုကစားသမားမျိုးဟာ ခရိုအေးရှားမှာ နှစ် ၃၀၀ ကြာမှ တစ်ခါပေါ်ထွန်းတယ်လို့ ချီးကျူးစကားပြောကြားလာခဲ့ပါတယ်။ 

မိုဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာသွားတော့မှာဖြစ်ပြီး ယခုအခါမှာတော့ အသင်းနဲ့အတူ အမေရိကန်မြေမှာ နောက်ဆုံးအနေနဲ့ ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပါတယ်။ တူဒေါ်က "ကျွန်တော်တို့ ခရိုအေးရှားနိုင်ငံမှာ လူဦးရေ ၄ သန်းတောင်မရှိပါဘူး။ မိုဒရစ်လိုကစားသမားမျိုးက နှစ် ၃၀၀ လောက်နေမှ တစ်ယောက်မွေးတာပါ။ သူက နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ပါ။ ဒါပေမယ့် သူလည်း လူတစ်ယောက်ပါပဲ။ ကျွန်တော်တို့နဲ့အတူတူပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ခရိုအေးရှားလက်ရွေးစင်ဟောင်းတစ်ဦးဖြစ်တဲ့ တူဒေါ်က မိုဒရစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားကြောင်းကို "ကျွန်တော်သူ့ကိုအရမ်းသဘောကျပါတယ်။နောက်ထပ်အချိန်တွေအကြာကြီး ပျော်ပျော်ရွှင်ရွှင်ဘောလုံးကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုသူက အသက်-၄၀ တောင်ရှိနေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ တူဒေါ်က ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ရမယ့်ပွဲစဉ်က အလွန်ခက်ခဲမှာဖြစ်ကြောင်းနဲ့ အနိုင်ရဖို့ မျှော်လင့်ထားကြောင်းကို "ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းလိုက်ကစားပုံနဲ့ အင်အားစိုက်ထုတ်မှုတွေကို ကျွန်တော်မြင်ဖူးပြီးသားပါ။ မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် အရမ်းခက်ပါလိမ့်မယ်။ ဒီပွဲအတွက် သေချာပြင်ဆင်ထားပါတယ်" "ကစားသမားတွေကလည်း ဒီပွဲအတွက် စိတ်လှုပ်ရှားနေကြပါပြီ။ လူတိုင်းက ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရချင်ကြပါတယ်။ ဒါကြောင့် အခုလိုထိပ်တိုက်တွေ့ဆုံတဲ့အချိန်မှာ အခွင့်အရေးတွေကို အသုံးချသွားနိုင်ဖို့လိုပါတယ်။ ရီးရဲလ်မက်ဒရစ်က လေးစားစရာအသင်းပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒီပြိုင်ပွဲက သူတို့အတွက်ပြိုင်ပွဲလိုဖြစ်နေခဲ့တာပါ။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့" လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရဖို့ ယုံကြည်ချက်ရှိဖို့လိုကြောင်းကိုလည်း ခရိုအေးရှားသားက "ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ရှုံးခဲ့ပေမယ့် မနက်ဖြန်ပွဲက နောက်ထပ် ထိန်တန်းအဆင့်ပွဲစဉ်ပါပဲ။ ဒီပွဲမှာအနိုင်ရဖို့ ယုံကြည်ချက်ရှိနေရပါမယ်။ နောက်တစ်ဆင့်ကိုတက်နိုင်ဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်။ ရေကုန်ရေခမ်းကစားပြီး နိုင်ပွဲဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ဆက်လက်ပြောကြားခဲ့ပါတယ်။