The network connection is lost.

Banner Image

ယူရိုပါလိဂ်ပွဲစဉ်အတွက် ချက်နိုင်ငံဆီ အသင်းနဲ့အတူလိုက်ပါသွားတဲ့ မိုဆာလက်

စပါတာပရာဟာနဲ့ ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ယူရိုပါလိဂ်ပွဲစဉ်အတွက် အတိုင်းအတာတစ်ခုအထိ ပါဝင်ကစားပေးနိုင်ဖို့အထိ ကြံ့ခိုင်မှုပြန်လည့်ပြည့်ဝလာပြီးနောက် မိုဆာလက်ဟာ ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ရန် တဖြည်းဖြည်းချဉ်းကပ်လာပါလိမ့်မယ်လို့ နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။

တံကောက်ကြော ဒဏ်ရာခံစားခဲ့ရတဲ့ အီဂျစ်သားက ချဲလ်ဆီးကို အနိုင်ရရှိတဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲအပါအဝင် နော်တင်ဟမ်ဖောရက်စ်၊ ဆောက်သမ်တန်၊ လူတန်တို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေကိုပါ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ သူက အသင်းလေ့ကျင့်ရေးကွင်းမှာ ပြန်ပေါ်ထွက်လာပြီး ဒီည၊ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်(ပထမအကျော့)ပွဲစဉ်မတိုင်ခင် ချက်နိုင်ငံမြို့တော်ဆီ ထွက်ခွာရမယ့် ခရီးစဉ်မှာ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။

အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ပြန်ကစားနိုင်ဖို့ နီးစပ်နေလို့ ကလော့ပ်တစ်ယောက် ပျော်ရွှင်နေချိန်မှာပဲ ဂျာမန်သားနည်းပြက လတ်တလော ကာလအတိုင်းအတာနှစ်ခုအထိ အနားယူထားခဲ့ရတဲ့ အသက်-၃၁ နှစ်အရွယ်တိုက်စစ်မှူးကို သတိထားအသုံးပြုဖို့ ရည်ရွယ်ချက် ရှိနေပြန်ပါတယ်။

အသင်းနဲ့အတူ လိုက်ပါလာပြီးနောက် မိုဆာလက်ဟာ စပါတာပရာဟာနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ်ရှိသလားလို့ မေးမြန်းလာမှုကို ကလော့ပ်က “ဟုတ်ပါတယ်။ မိုဆာလက်လည်း ခရီးထွက်လာခဲ့ပြီး ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်။ သူ ခွန်အားအပြည့်နဲ့ လေ့ကျင့်ခန်း နှစ်ရက် ဆင်းခဲ့ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါပေမယ့် သူပြန်လာတာ ကောင်းပါတယ်။ ကျွန်တော်တို့အတွက် တကယ့်ကိုကောင်းတာပါ။ အရမ်းပျော်ရွှင်နေတဲ့ မိုဆာလက်ရဲ့ မျက်နှာကို ခင်ဗျားတို့ မြင်တွေ့ကြပါလိမ့်မယ်။ အလွန်ကံမကောင်းတဲ့ အခြေအနေမျိုးမှာ ကာလအတိုင်းအတာတစ်ခုအထိ အနားယူခဲ့ရပြီး ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ မယုံနိုင်လောက်စရာကောင်းအောင် ကစားပေးခဲ့ကာ နောက်တစ်ကြိမ် ပြန်အနားယူခဲ့ရပါတယ်။ ဒီအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ပေးချင်သလို ဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးရာသီတစ်ခုအတွက် အလွန်ပြင်းထန်တဲ့ကာလတစ်ခုရဲ့ အလယ်တည့်တည့်မှာ ရောက်ရှိနေပါပြီ။ အားလုံးကို ကျွန်တော်တို့ လိုအပ်နေပါတယ်။ ဒါကြောင့် အခုအချိန်မှာ သူ့ကို ဘယ်လောက်ကြာကြာသုံးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ သတင်းကောင်းပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလကုန်ပိုင်း၊ နိုင်ငံတကာသီတင်းပတ်မှာ မိုဆာလက်က အီဂျစ်အတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိသလား ဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ ကလော့ပ်က“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ တခြားဌာနအဖွဲ့အစည်းတစ်ခုကပဲ ဒီကိစ္စကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ကျွန်တော်တော့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဒီလိုလုပ်နိုင်စရာမရှိပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူဘယ်လောက်အတိုင်းအတာအထိ ကစားနိုင်မလဲဆိုတာ စောင့်ကြည့်သွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ သူက အသင်းနဲ့အတူ နှစ်ရက်လောက်ပဲ လေ့ကျင့်ခန်းဆင်းထားရတာပါ။ အခြားအခြေအနေတစ်ခုမှာဆိုရင် အသင်းနဲ့ လေ့ကျင့်ခန်းအနည်းငယ်လောက်ပဲလုပ်ထားတဲ့ ကစားသမားတွေက အသင်းလူစာရင်းမှာ ပါဝင်လာနိုင်စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အခြေအနေမှာတော့ ဒါက အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော် သူ့ကို ဘာလုပ်ပေးနိုင်မလဲ? သူ့ကို ဘယ်လောက်အထိ အသုံးချလို့ရမလဲ? ဒါကို ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါပြီးရင်တော့ အီဂျစ်နဲ့အတူ နှစ်ပွဲလောက်ကစားမလား သို့မဟုတ် အခြားတစ်ခုခုလားဆိုတာ ကျွန်တော်နဲ့ လုံးဝမပတ်သက်ပါဘူး။ ကျွန်တော်တို့တွေ ပါဝင်နိုင်ဖို့ တကယ်မရှိတာပါ။ ဒါက အခြားဌာနအဖွဲ့အစည်းမှာ ဆွေးနွေးရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလောက်ပဲ ပြောပါရစေ”လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။